Sunday, October 27, 2013

မြန်မာ ဖွဲ့စည်းပုံ ပြောင်းလဲဖို့ ဗြိတိန်ဖိအားပေး ကူညီမယ်

ABC

မြန်မာ့ဒီမိုကရေစီ ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ဥရောပ ​ခရီးစဉ်အတွင်း ​တောင်းဆိုခဲ့တဲ့ ​အချက်တွေနဲ့ ​ကိုက်ညီနိုင်ဖို့အတွက် ​မြန်မာနိုင်ငံကို ​နိုင်ငံတကာက ​ဖိအားပေးမှုတွေ ​ပြုလုပ်လာအောင် ​ဗြိတိန်နိုင်ငံအနေနဲ့ ​အကူအညီပေးသွားမယ်လို့ ​ဗြိတိန်နိုင်ငံ ​၀န်ကြီးချုပ် ​David ​Cameron ​က ​ပြောကြားလိုက်ပါတယ်။

မြန်မာစစ်အစိုးရလက်ထက်က ​ရေးဆွဲခဲ့တဲ့ ​ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ​ပြင်ဆင်ရေးဆွဲဖို့လိုအပ်ကြောင်း ​အထူးဖြင့် ​သူမကို ​သမ္မတ ​ဖြစ်ခွင့်မရရှိအောင် ​ဟန့်တားထားတဲ့ ​အချက်တွေကို ​ပြင်ဆင်ဖို့လိုကြောင်း ​ဒေါ်အောင်ဆန်းစုကြည်က ​သူ့ရဲ့ ​ဥရောပခရီးစဉ်အတွင်း ​ပြောကြား ​ခဲ့ပါတယ်။

မြန်မာစစ်အစိုးက ​ရေးဆွဲခဲ့တဲ့ ​ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ​နိုင်ငံခြားသားနဲ့ ​လက်ထပ်ခဲ့သူ၊ ​နိုင်ငံခြားသား ​သားသမီးရှိသူတွေအနေနဲ့ ​သမ္မတ ​ဖြစ်ပိုင်ခွင့် ​မရှိတဲ့အချက်တွေအပြင် ​တခြား ​ဒီမိုကရေစီနည်းလမ်းနဲ့ ​မကိုက်ညီတဲ့အချက်တွေကို ​ပြင်ဆင်ရမှာဖြစ်တယ်လို့ ​ဒေါ်အောင်ဆန်းစု ​ကြည်ကပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်က ​သူ့ရဲ့အစိုးရနေအိမ်ရှိရာ ​Downing ​လမ်းမှာ ​ဒေါ်အောင်ဆန်းစုကြည်ကို ​လက်ခံတွေဆုံခဲ့တာဖြစ်ပြီးတော့ ​လက်ရှိမြန်မာနိုင်ငံရဲ့ ​ဖွဲ့စည်းပုံအခြေခံဥပဒေ ​ပြောင်းလဲလာအောင် ​မြန်မာအစိုးရကို ​ဖိအားပေးမှုတွေ ​ပြုလုပ်မယ်လို့ ​ပြောကြားလိုက်တာဖြစ်ပါတယ်။

လာမယ့် ​၂၀၁၅ခုနှစ်ကျရင် ​မြန်မာနိုင်ငံမှာ ​ရွေးကောက်ပွဲပြုလုပ်မှာဖြစ်တဲ့အတွက် ​လူတဦးတစ်ယောက်ကိုပဲ ​ရည်ရွယ်ပြီးပယ်ချန်ထားတဲ့ ​ဒီဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ​ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ​တကယ့်ကိုယ် ​မှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ​ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ​ David ​Cameron ​က ​ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ​ဥရောပ ​သမဂ္ဂ ​က ​ပေးအပ်တဲ့ ​Sakharov ​လူ့အခွင့်အရေး ​ဆုကိုလက်ခံခဲ့ပြီး ​နောက်တရက်ဗုဒ္ဓဟူးနေ့မှာ ​ဗြိတိန်နိုင်ငံကို ​သွားရောက်ခဲ့တာဖြစ်ပါတယ်။ ​ကြာသာပတေးနေ့မှာတော့ ​မြန်မာနိုင်ငံကို ​အထောက်အကူ ​ပြုနိုင်မယ့် ​ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ​လေ့လာဖို့အတွက် ​မြောက် ​Ireland ​နိုင်ငံ ​ကိုသွားရောက်မှာဖြစ်ပါတယ်။

၂၀၀၈ ​ဖွဲ့စည်းပုံ ​ပြင်ဆင်ရေး ​ဆန္ဒမဲကောက်ခံမှုမှာ ​အသစ်ရေးဆွဲလိုသူ ​နည်းပါး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​NLD ​ပါတီက ​ပြုလုပ်နေတဲ့ ​၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေပြင်ဆင်ရေးနဲ့ ​အသစ်ရေးဆွဲရေး ​ပြည်သူ့ ​ဆန္ဒတောင်းခံမှုမှာ ​အသစ်ရေးဆွဲဖို့ထက် ​ပြင်ဆင်လိုတဲ့ ​ပြည်သူ ​အများစုရှိနေတယ်လို့ ​NLD ​ပါတီရဲ့ ​ဖွဲ့စည်းပုံ ​ပြင်ဆင်ရေး ​ကော်မတီက ​ပြောဆိုလိုက်ပါတယ်။

နိုင်ငံအဝှမ်းကောက်ခံမှု ​မပြီးဆုံးသေးပေမယ့် ​သွားရောက်ကောက်ခံထားတဲ့ ​ပြည်နယ်နဲ့ ​တိုင်းတွေအလိုက် ​ဆန္ဒတောင်းခံမှု ​အခြေအနေအရ ​နောက်ဆုံး ​အဖြေဟာ ​ဖွဲ့စည်းပုံ ​ပြင်ဆင်ဖို့ပဲ ​ဖြစ်လာနိုင်မယ်လို့ ​NLD ​ပါတီရဲ့ ​ဖွဲ့စည်းပုံ ​ပြင်ဆင်ရေး ​ကော်မတီက ​ရှမ်းပြည်နယ်နဲ့ ​ကယားပြည်နယ် ​ကောက်ခံသူ ​ဦးထွန်းထွန်းဟိန်က ​ယခုလို ​ပြောပါတယ်။

“အခုဟာက ​အန်ကယ်တို့က ​ဒါသိနေပါပြီ ​ပြင်ဆင်ဖို့များနေတယ်ဆိုတာ ​သိနေပြီဘဲလေ။ ​ကျန်တဲ့ ​ဥစ္စာတွေက ​မကောက်ရတော့ ​မကောက်ရသေးတာ ​ရှိတာပေါ့လေ။ ​ဒါပေမယ့် ​အခု ​အန်ကယ်တို့ ​သွားကြည့်တဲ့ ​အထဲမှာ ​ဆိုရင်တော့ ​တော်တော်ကြီးကို ​ပြင်ဆင်ဖို့ကတော်တော်များတယ်လို့ ​အန်ကယ်တို့က ​ဒီလိုတွေ့နေရတာပေါ့။”

သူတို့အနေနဲ့ ​ရန်ကုန်တိုင်း၊ ​ပဲခူးတိုင်း၊ ​ကရင်ပြည်နယ်နဲ့ ​မွန်ပြည်နယ်တို့မှာ ​ကောက်ခံမှု ​ပြီးစီးသွားပြီဖြစ်ပြီး ​တစ်ခြား ​ပြည်နယ်နဲ့ ​တိုင်းတွေမှာ ​၅၀ ​ရာခိုင်နှုန်းလောက်ဆီ ​ကောက်ခံမှု ​ပြီးစီးနေပြီဖြစ်တယ်လို့ ​ဆိုပါတယ်။

ရန်ကုန်တိုင်း၊ ​ပဲခူးတိုင်းအပါအဝင် ​ဆန္ဒတောင်းခံပြီးတဲ့ ​ပြည်နယ်နဲ့ ​တိုင်းအချို့မှာ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေကို ​အသစ်ရေးဆွဲဖို့ ​ထက် ​ပြင်ဆင်ဖို့ ​ဆန္ဒမဲပေးသူ ​အများစုရှိတဲ့အကြောင်း ​ရန်ကုန်တိုင်းနဲ့ ​ပဲခူးတိုင်းကို ​ကောက်ခံသူ ​တရားလွှတ်တော် ​ရှေ့နေ ​ဦးကိုနီကလည်း ​ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ ​ကရင်ပြည်နယ်အတွင်းမှာလည်း ​အသစ်ရေးဆွဲဖို့ထက် ​ပြင်ဆင်ဖို့အတွက် ​ဆန္ဒမဲပေးသူ ​၉၈.၅၄ ​ရာခိုင်နှုန်း ​ရှိတယ်လို့ ​ကရင်ပြည်နယ်နဲ့ ​ရခိုင်ပြည်နယ် ​ကောက်ခံသူ ​ဦးဌေးဦးက ​ပြောဆိုခဲ့တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားတာဖြစ်ပါတယ်။

No comments: