ကူးဒူ၊ ခူးဘော်ရယ်
ထိုင်းနိုင်ငံအတွင်းက ကရင်နီဒုက္ခသည် ကျောင်းဆရာ၊ဆရာမတို့၏ လစာမှာတရက်ကို ထိုင်းဘတ်ငွေ၂၀ နှုန်းဖြင့်သာရရှိကြသည့်အတွက် အဆိုပါနှုန်းဖြင့် ထိုအလုပ်ကိုရေရှည် အသက်မွေးဝမ်းကြောင်းအဖြစ် ဆက်သွားလျင် ဖူလုံနိုင်မှာမဟုတ်ကြောင်း ကမ္ဘာ့ကျောင်းဆရာ၊ ဆရာမများနေ့ အခမ်းအနားပြုလုပ်ချိန်တွင် ထုတ်ဖေါ်ပြောဆိုကြသည်။
"တရက် (ဘတ်)၂၀သုံးမယ်ဆိုရင် စဉ်းစားကြည့်ပေါ့ တလဆိုလည်းဘယ်လိုမှ မလုံလောက်နိုင်ဘူးဒါပေမဲ့ ချွေတာသုံးရတယ်ပေါ့နော ကလေးလည်းကြီးပြီးဆိုမုန့်တွေ စားမယ် တောင်းစားတတ်တဲ့အချိန်ဆို ပိုဆိုးတယ်ပေါ့နော”ဟု မူလတန်းကျောင်းဆရာမရိုစီက ပြောသည်။
အောက်တိုဘာလ ၈ရက်နေ့က ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းမှာ အန်ဂျီအိုအဖွဲ့အစည်းများနှင့် ထိုင်ဒေသခံ အာဏာပိုင်များ ပူးပေါင်းပြီးကျင်းပပြုလုပ်သည့် ကမ္ဘာ့ဆရာဆရာမများနေ့ အခမ်းအနားကို ကျောင်းသားမိဘ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ ၃ထောင်ကျော် တက်ရောက်ခဲ့ကြသည်။
"ရတဲ့လစာနည်းတယ် ဟုတ်တယ် မဟုတ်လားဒါပေမဲ့ အဲ့ဒီဟာသူပြောတာမှန်တယ်တဲ့ ဒါပေမဲ့ ဒါသည် ဖြစ်ပျက်နေတာသည် ဒီစခန်းထဲမှာသာတင် မကပါဘူးဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်းဒီလိုမျိုးပါပဲ" ဟု ဒုက္ခသည်ပညာရေးအား ထောက်ပံ့ပေးနေသည့် JRS မှ အခြေခံပညာရေး တာဝန်ခံ Sr. ElveniaEscultor က အခမ်းအနားမိန့်ခွန်းမှာ ဘာသာပြန်ကနေတဆင့် ပြောကြားသည်။
လုပ်ငန်းလုပ်သက်အပေါ်မူတည်၍ မူလတန်းမှ အထက်တန်းအထိ ကျောင်းဆရာ၊မလစာကို တလလျင် ထိုင်းဘတ်၆၀၀မှ ၁၀၀၀ထိ ပေးဆောင်လျက်ရှိသည်ဟု သိရသည်။
"ရေရှည်မှာအတွက်တော့ လုံလောက်မှုမရှိဘူးလို့ ပြောရမှာပေါ့နော… သားသမီးတွေ ၀မ်းစာဖြေရှင်းအတွက်တော့ မလုံလောက်ဘူး"ဟု ဒုက္ခသည်စခန်းတွင်းတွင် ၁၀နှစ်တိတိ ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်လာခဲ့သည့် မူလတန်းပြ ကျောင်းဆရာမရှဲနေဖေါ ကပြောသည်။
ယခုလိုလစာနည်းသည့် အကျိုးဆက်မှာကျောင်းဆရာ၊မတို့၏ ၀န်ထမ်းတည်ငြိမ်မှုမရှိသည့် ပြဿနာကို ရင်ဆိုင်လာနေကြရပြီး ကျောင်းဆရာ၊မတို့၏လစာဖြင့် မနှစ်သိမ့်နိုင်သူတွေမှာ တခြားသောလစာများသည့် အလုပ်အကိုင်များကို ရှာလာကြရသည့်အတွက် တ၀ှက်တပျက်ဖြင့် ကျောင်းဆရာအဖြစ်မှ ထွက်သွားကြသည်။
"ဒီလိုအချိန်မျိုးမှာ ဘယ်သူပဲနစ်နာသွားသလဲဆိုရင် ကျောင်းသူကျောင်းသားတွေပဲ နစ်နာသွားတယ်ပေါ့နော"ဟု အထက်တန်းပြကျောင်းဆရာစဲရယ်က ပြောသည်။
“ကျမတို့ လုပ်နိုင်သလောက် တင်းသိမ်ရမှာပေါ့ ရေရှည်မှာဘယ်လိုပဲဖြစ်ဖြစ် စဉ်းစားလို့ချင်ရင်လည်း မရနိုင်ဘူးပေါ့နော" ရိုစီအမကကျောင်းဆရာမ၊ ကရင်နီဒုက္ခသည်အမှတ် -၁စခန်း ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းတွင် ကျောင်းသားဦးရေ ၅ထောင်ခန့်ရှိပြီး မိုကြိုကနေ အထကကျောင်းအထိ ကျောင်းဆရာ၊မ ၃၀၀ဦးရှိသည်။
မယ်ဟောင်ဟောင်ဆောင်ခရိုင်အတွင်းက အမှတ်-၁နှင့်၂စခန်း နှစ်ခုတွင် ကျန်ရှိနေသေးတဲ့ ဒုက္ခသည် ၂သောင်းဝင်းကျင် ကိုယခုအခါ တီဘီစီမှ စားနပ်ရိက္ခာထောက်ပံ့မှုများ လျော့ချလာနေနေပြီး အထူးသဖြင့် ကျောင်းဆရာ၊မကဲ့သို့ အလုပ်အကိုင်ရှိသူများကို ဦးစွာလျော့ချမှုများ ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

No comments:
Post a Comment