ကူးဒူ၊ ခူးဘော်ရယ်
လွန်ခဲ့သော ၇လက မီးလောင်ပြီး လူပေါင်း ၄၀နီးပါး သေဆုံးပြီး အိမ်ခြေ ၂၀၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့သည့် ထိုင်းနယ်စပ်က ကရင်နီဒုက္ခသည်စခန်းမှာ အမျိုးသမီးများ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ဆက်လက် ခံစားနေကြရဆဲရှိသည်ဟု အမျိုးသမီးအဖွဲ့ကပြောသည်။
လူဦးရေ ၃၀၀၀ ကျော်နေထိုင်သည့် ကရင်နီ အမှတ် ၂ ဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ မတ်လ၂၂ ရက်နေ့က မီးလောင်ခဲ့သည့်အတွက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါအ၀င် လူပေါင်း ၃၇ ဦးသေဆုံးပြီး ၂၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည့်အကျိုးဆက်ကြောင့် ယခုလို စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ခံစားနေကြရဖြင်းဖြစ်သည်ဟု ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ကပြောသည်။
"တချို့ဆိုသူတို့ မိဘကိုယ်တိုင် တချို့ဆိုရင် သူတို့ အမျိုးသားကိုယ်တိုင် ဒီ မီးလောင်တဲ့အထဲမှာ အသက်ဆုံရှုံးသွားတဲ့အတွက်ကြောင့် သူတို့ စိတ်ပိုင်ဆိုင်ရာကို ခံစားရတယ်"ဟု အမှတ် ၂ ဒုက္ခသည်စခန်းအခြေပြု KNWO ဥက္ကဌ နော်ပါလွဲကပြောသည်။
ယခုလိုစိတ်ပိုင်းဆိုင်ရာ ဝေဒနာများခံစားနေရသူတွေကို အမျိုးသမီးအဖွဲ့အစည်းအနေဖြင့် စခန်းအတွင်း ရုံးသစ်များဖွင့်လစ်ပြီး နှစ်သိမ့်ပညာပေး အစီအစဉ်များဖြင့် ကုစားပေးနေရသည်ဟု ဆိုသည်။
စိတ်ဓါတ်ကျဝေဒနာခံစားနေကြရသည့် သူတွေထဲမှ UN ရှိသူတို့မှာ တတိယနိုင်ငံ ထွက်ခွာသွားခွင့်ရှိကြသော်လည်း မရှိသည့်သူများမှာ စခန်းတွင်းတွင် ဆက်လက်နေထိုင်ကြရသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့်အစိုးရအကြား အပစ်ခတ်ရပ်စဲရေးတွေ ပြုပြီဖြစ်သည့်အတွက် ပြည်တွင်းသို့ ပြန်လှည်အခြေချနေထိုင်ရေးကိစ္စနှင့် ပါတ်သက်ပြီး ဒုက္ခသည်များအတွက် စိတ်ချလုံခြုံမှုမရှိကြောင်း ပြောဆိုကြသည်။
“နောက်ဆိုမပြန်ဘူး… ရှေ့ဆက်သွားမယ်”ဟု အမှတ်-၂ ဒုက္ခသည်စခန်းမှ မမာတလင်းနာက ပြောသည်။
စခန်းမီးလောင်ခဲ့မှုသည် သာမာန်မီးလောင်မှုမဟုတ်ကြောင်း စခန်းတခုလုံးက သံသယရှိနေကြသည့်အတွက် ရှေ့ဆက်၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်နေကြရသည်မှာလည်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုဖြစ်သည်ဟုဆိုသည်။
"ကျမတို့ စခန်းကော်မီတီအနေနဲ့တော့ ဒီအဖြေကို အဖြေမှန်ရရှိဖို့အတွက် ကျမတို့ လုပ်ယူမယ် ကြိုးစားမယ်ဆိုရင် ကျမတို့မှာ နည်းလမ်းဘာမှ မရှိဘူး… အပြင်နဲ့လည်း ဆက်သွယ်ရတာ ခက်ခဲတယ်ဆိုတော့ ဘာမှလည်း လုပ်လို့မရဘူး"ဟု အမှတ် (၂) ဒုက္ခသည် စခန်းကော်မီတီ ဥက္ကဌ နော်ရှယ်လီသန်းက ပြောသည်။
တတိယနိုင်ငံခြေချနေထိုင်ရေးအစီအစဉ်မှာ ဒုက္ခသည် တသောင်းကျော်သွားရောက် အခြေချခဲ့ပြီဆိုသော်လည်း လက်ရှိ မယ်ဟောင်ဆောင်ခရိုင်အတွင်းက အမှတ်-၁နဲ့ အမှတ် ၂ ကရင်နီဒုက္ခသည်စခန်းနှစ်ခုမှာ စစ်ပြေးဒုက္ခသည် နှစ်သောင်းဝန်းကျင် ကျန်ရှိနေသေးသည်။
ယခင်က စစ်ပွဲများကြောင့် နယ်စပ်မှာ ကရင်နီဒုက္ခသည်များ သောင်းနှင့်ချီ ကျန်ရှိနေသေးသော်လည်း စားသုံးရိက္ခာနှင့် အစားအသောက် အထောက်အပံ့များ လျော့ချလာနေသကဲ့သို့ ပြည်တွင်းပြန်ရန် ကိစ္စမှာလည်း မသေချာမရေရာသေးသည့် အခြေအနေမှာရှိနေသည်။

No comments:
Post a Comment