ABC
လက်ပံတောင်းတောင်ဒေသက လယ်တီဆရာတော်ဘုရားရဲ့သိမ်တော်နဲ့ ဒဿနိက အဆောက်အအုံတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လက်ပံတောင်းတောင်အထိ ချီတက်ဆန္ဒပြလမ်းလျောက်ကြတဲ့သူတွေနဲ့ ဒေသခံအာဏာပိုင်ကြား မနေ့က ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ခဲ့ပြီးတော့ အဲဒီထဲက လွှတ်တော်က ဆုံးဖြတ်ချက် မချမချင်း လုံးဝမထိခိုက်မပျက်စီးစေရပါဘူးဆိုတဲ့အချက်အပါအ၀င် အချက် ၃ချက်ကို သဘောတူလက်ခံခဲ့ကြတယ်လို့ သိရပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ ပြန်လည်စတင်တော့မယ့် လက်ပံတောင်းတောင်ဒေသက အစိုးရစီမံကိန်းတွေကြောင့် လယ်တီဆရာတော်ဘုရားသီတင်းသုံးခဲ့တဲ့ သိမ်တော်နဲ့ စေတီတော် ထိခိုက်ပျက်စီးသွားမှာနဲ့ ရွှေ့ပြောင်းမှာကို စိုးရိမ် နေတဲ့ဒေသခံတွေက စက်တင်ဘာ ၂၉ရက်နေ့မှာ မန္တလေးကနေ လက်ပံတောင်းတောင်ကို ချီတက်ဆန္ဒပြ လမ်းလျောက်လာခဲ့တာဖြစ်ပါတယ်။
ချီတက်ဆန္ဒပြသူတွေဟာ စစ်ကိုင်းမြို့အ၀င်မှာ လုံထိန်းတပ်ဖွဲ့တွေရဲ့ တားဆီးခံခဲ့ရပြီးနောက် ချီတက်လမ်းလျောက်တဲ့အဖွဲ့နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ဆွေးနွေး ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီးတော့ အချက် ၃ချက်ကို သဘောတူညီမှုရရှိခဲ့တာဖြစ်တဲ့အကြောင်း လမ်းလျောက်ရာမှာပါဝင်တဲ့ ကိုလှိုင်က အခုလိုပြောပါတယ်။
“ဒီနေ့မှာကျနော်တို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းသာသနာရေးဝန်ကြီးတွေ၊ တိုင်းသံဃာ့နာယက တွေလာပြီးညှိနှိုင်းတယ်ခင်ဗျ၊ ညှိနှိုင်းတဲ့အခါ ကျနော်တို့က ၃ချက်နဲ့ သဘောတူလက်ခံခဲ့တယ်ပေါ့လေ၊ အဲဒီ၃ချက်ကတော့ လယ်တီဆရာတော်ဘုရားကြီးရဲ့သိမ်တော်ကို လွတ်တော်မှာ အဆိုတင်သွင်းပြီးတဲ့အချိန် လွတ်တော်က ဆုံးဖြတ်ချက်မကျမချင်း ဆရာတော်ကြီးတွေရဲ့ သြ၀ါဒခံယူနေစဉ်အတွင်းမှာ လုံးဝမပျက်မစီးအ ထိခိုက်စေရပါဘူးဆိုတဲ့ ဂတိတချက်တောင်းခဲ့တယ်ခင်ဗျ။”
ဒုတိယအချက်အနေနဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့သိမ်တော်ကို ဖူးမျော်ခွင့်ပေးဖို့ညှိနှိုင်းခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က ကန့်သတ်ချက်တခုပြန်တောင်းခဲ့တဲ့အကြောင်း ကိုလှိုင်က ဆက်ပြောပါတယ်။
“လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ် ကို ၅ဦးထက်မပိုပဲနဲ့ သွားရောက် ဖူးမျော်ခွင့်ပေးရမယ်၊ ဖူးမျော်ခွင့်ကို သူတို့ကဘာနဲ့ ပြန်ကန့်သတ်လည်းဆိုတော့ ပုဒ်မ၁၄၄ထုတ်ထားတဲ့နယ်မြေဖြစ်တဲ့အတွက် ဒေသခံပြည်သူ လူထုအတွက်စိုးရိမ်ရပါတယ်ဆိုပြီးတော့ တကယ်လို့သွားဖူးမယ်ဆိုရင် ၅ဦးထက်မပိုတဲ့လူစုသည် ၃ရက်ကြိုပြီး စာတင်ပေးဖို့ပေါ့လေ အဲဒီတချက်နဲ့ ကျနော်တို့ကိုပြန်ပြီးကန့်သတ်တယ်ခင်ဗျ၊ ကျနော်တို့ကလည်း လက်ခံ လိုက်တယ်ပေါ့။”
နောက်တချက်ကတော့ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်ကို ကာကွယ်ရေးအတွက် ငြိမ်းချမ်းစွာလမ်း လျောက်လာတဲ့လူထုကို မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကနေ လုံးဝတရားစွဲဆိုခြင်းမပြု လုပ်ပါဘူးဆိုတဲ့အချက်တွေ သဘောတူညီခဲ့ကြပါတယ်။
သဘောတူညီမှုရပြီနောက်ပိုင်း ဆန္ဒပြသူတွေက နေရပ်ကိုပြန်သွားခဲ့ကြတဲ့အကြောင်း ဒီသဘော တူညီချက်တွေကို လွှတ်တော်မျာ တင်ပြသွားမယ်ဆိုတဲ့အကြောင်းနဲ့ ဒီကစ္စနဲ့ပတ်သက်ပြီးတော့လည်း အစိုးရဖက်က တာဝန်ခံမှုဘယ်လောက်ရှိသလဲဆိုကိုလည်း စောင့်ကြည့်သွားမယ်လို့ လမ်းလျောက်ရာမှာ ပါဝင်တဲ့ ကိုလှိုင်ကပြောတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment