ကြယ်ပြာ
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးအပိုင်းတွင် အမျိုးသမီးများပါဝင်နေမှုပမာဏကိုကြည့်ခြင်းဖြင့် အမှန်တကယ် ကျား/မ တန်းတူညီမျှမှုရှိရှိ ပြောင်းလဲခြင်း ဟုတ်မဟုတ် သိသာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယခုလ ၄ ရက်က နေပြည်တော်၊ သင်္ဂဟ ဟိုတယ်တွင် အာရှ၊ ဥရောပ၊ လက်တင် အမေရိကတို့မှ လွှတ်တော် ကိုယ်စားလှယ် အမျိုးသမီးများနှင့် မြန်မာနိုင်ငံမှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ ကြသော “နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု ညီလာခံ”တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
“အစိုးရပိုင်းမှာ အမျိုးသမီးတွေ ပါဝင်နေတဲ့ပဏာမကို အစိုးရက ပြနိုင်လား၊ ပြုပြင်ပြောင်းလဲမှုတွေက ဘယ်လောက် ခရီးရောက်နေပြီလဲ ဝေးနေဆဲလား သူတို့ပြောနေသလို ဖြစ်မဖြစ်ဆိုတာကို သိရမယ်။ ဒီမိုကရေစီဆိုတာ သာတူညီမျှမှု ကို ပြောတာဘဲ မဟုတ်လား” ဟု သူက ပြောသည်။
ဆက်လက်၍ ကမ္ဘာပေါ်ရှိ လွှတ်တော်များတွင် အမျိုးသမီးများ ပါဝင်မှုမှာ ၂၁ ရာခိုင်နှုန်းကျော်အထိရှိနေ ပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် လေးရာခိုင်နှုန်းသာရှိကြောင်း၊ ၈ ဒသမ ၅ ရာခိုင်နှုန်းရှိသော ၀န်ကြီးများသည် အမျိုးသားများသာဖြစ်နေသည့်အတွက် အမျိုးသမီးဝန်ကြီးတစ်ဦးဖြစ်နိုင်ရန် အမျိုးသားဝန်ကြီး ခုနစ်ယောက် ခန့်အပ်ပြီးဖြစ်ကြောင်းနှင့် ထိုသို့သော အခြေအနေများမှာ ကောင်းမွန်သောရလဒ်များ မဟုတ်ဟု သူကဝေဖန် သွားခဲ့သည်။
ထိုသို့ဖြစ်ရခြင်းမှာ စစ်အစိုးရ၏ နှစ်ပေါင်းများစွာ အုပ်ချုပ်မှုခံခဲ့ရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ဦးနှောက် ပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာတို့တွင် နှောင့်နှေးခဲ့ရခြင်းဖြစ်ပြီး အမျိုးသမီးများကိုယ်တိုင်ကလည်း ဒုတိယလိင်အဖြစ် ကိုယ့်ကိုယ်ကိုယ် ထည့်သွင်းစဉ်းစားသည့် အခြေအနေသို့ ဖြစ်အောင်လုပ်ခဲ့သည့်အပြင် အမျိုးသမီးများ အမှန်တကယ် ရှိသင့်ရှိထိုက်သော နေရာများတွင် ရှိခွင့်မရခြင်းမှာလည်း အမျိုးသားများကို ကူညီပံ့ပိုးပေးရာ မရောက်ကြောင်း ဆိုသည်။
“ ကျွန်မကတော့ လက်တွေ့ကျပါတယ်။ နိုင်ငံတကာမှာ အမျိုးသမီး သမ္မတတွေရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည် ဒီနိုင်ငံမှာသမ္မတဖြစ်ဖို့ ဘယ်လောက်ကြာဦးမလဲ ၊ လုပ်ဖို့ခက်မလား၊ ဒေါ်အောင်ဆန်းစုကြည် အတွက်သာမဟုတ် ဒီနိုင်ငံက အမျိုးသမီးတွေအတွက်ပါ ဘယ်လောက်အထိ ဝေးနေဦးမှာလဲ” ဟု စပိန်နိုင်ငံ ဥရောပသမဂ္ဂမှ အမျိုးသမီး အမတ်ကလည်း မေးမြန်းခဲ့သည်။
ထိုအမတ်၏ မေးမြန်းချက်အား ၎င်းအနေဖြင့် သမ္မတဖြစ်ချင်ရခြင်းမှာ ဒီမိုကရေစီအတွက် တိုက်ပွဲရင်ဆိုင် ခဲ့ကြရင်းသေဆုံးခဲ့ရသည့် အတိတ်ကလူများအတွက် ၎င်းတို့လုပ်ပေးသွားခဲ့သော လမ်းကြောင်းအား ဆက်လျှောက်ပြီး ပိုမိုကောင်းမွန်သော ညီညွတ်မှုရှိသည့် နိုင်ငံတစ်ခုတည်ဆောက်နိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည် ဟုသာဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားခဲ့ပါသည်။
ပါကစ္စတန်နိုင်ငံမှ အမျိုးသမီးအမတ်ကလည်း မြန်မာနိုင်ငံအနေဖြင့် အသွင်ကူပြောင်းရေးအား သွားနေသည် ဆိုသော ခေါင်းဆောင်များသည် အစဉ်အလာအရ ၎င်းတို့နိုင်ငံမှာကဲ့သို့ အမျိုးသားများသာဖြစ်နေသည့်အတွက်မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးများတွင် အမျိုးသမီးများ အများအပြားပါဝင်လာနိုင်ရန် မည်ကဲ့သို့ လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း ထည့်သွင်းမေးမြန်းခဲ့သည်။
ထိုသို့သော အခြေအနေများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားများအနေဖြင့် မည်သည့် ကိစ္စရပ် များအား လုပ်သည်ဖြစ်စေ အသိအမှတ်ပြုခံရကြောင်း၊ အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ အခန်းကဏ္ဍကို အသိအမှတ် အပြုခံရရန် မမျှော်လင့်ဘဲ အကောင်းဆုံး ပြုလုပ်လေ့ရှိကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းမှာ ဂုဏ်ယူဖွယ်ရာ အားသာချက်ဖြစ်သော်လည်း တချိန်ထဲမှာပင် အားနည်းချက်တစ်ခု ဖြစ် သွားပြီး အသိအမှတ်ပြုခံရမည့် အချိန်တွင် ၎င်းတို့၏ အောင်မြင်မှုမှာ တစ်ခြားလူများအတွက် ဖြစ်သွားစေသည့် အခြေအနေများ ရင်ဆိုင်နေရခြင်းများ ရှိသည်ဟု ပြောကြား ခဲ့သည်။
“ ကျွန်မတို့နိုင်ငံမှာ ပထမဆုံး အမျိုးသမီး သမ္မတရှိတယ်၊ လွှတ်တော်မှာ ၅၃ ရာခိုင်နှုန်းရှိတယ် ဒါပေမဲ့ ချောမွေ့တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ရောက်ဖို့ အဝေးကြီးလိုပါသေးတယ် မြန်မာနိုင်ငံက ကျွန်မတို့နိုင်ငံမှာ လူသိများပါတယ်”ဟု ကိုဆိုဗို နိုင်ငံမှအမတ်တစ်ဦးကလည်း ဆိုခဲ့သည်။
မြန်မာနိုင်ငံမှ အမျိုးသမီးများအနေဖြင့် ပိုမိုရဲတင်းပြီး ရှေးထွက်လာရန်လိုနေပြီဖြစ်ကြောင်း၊ ရန်လိုသည် ၊ စွာသည်ဟု လူအများစုက သတ်မှတ်ချက်များသည် အမျိုးသမီးများအနေဖြင့် ကိုယ်ရစရာရှိသော အခွင့်အရေးကို ရယူခြင်းဖြစ်ကြောင်း၊ ထိုသို့သို့ အမည်တပ်စွပ်စွဲခံရမည်ကို စိုးရိမ်ပြီး ရှေ့မထွက်ခြင်းကြောင့် ရသင့် ရထိုက်သော အခွင့်အရေးများ ဆုံးရှုံးနေသော အခြေအနေများလည်း ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က “ ကျားမ တန်းတူညီမျှချက်ကို ဆောင်ရွက်တဲ့အခါမှာ မေ့မထားရမယ့် အရာတွေကယောက်ျားနဲ့ မိန်းမဆိုတာ တန်းတူညီမျှမှုဆိုတဲ့အပေါ်မှာ အတူတကွလက်တွဲဆောက်ရွက်ရမယ့် တူညီသူတွေဘဲ ဆိုတာကိုပါ ” ဟု ထိုညီလာခံတွင် ပြောကြားခဲ့သည်။
ထိုညီလာခံကို ဂျာမဏီနိုင်ငံအခြေစိုက် Konrad Adenauer Stiftung(KAS) နှင့် ဆန်းသစ်သုတေသနနှင့် နိုင်ငံရေး ပညာပေး အဖွဲ့အစည်း (The Innovative) တို့မှ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ အမျိုးသမီး အမတ်များ တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment