ABC
မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၅၆ ယောက်ကို လွှတ်ပေးလိုက်ပြီး အဲဒီထဲက ၅၁ ယောက်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်တွေ ဒါမှမဟုတ် ထောက်ခံသူတွေ ဖြစ်ကြပါတယ်။
လွှတ်မြောက်လာသူအများစုဟာ ကချင်လွတ်မြောက်ရေးတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီလို မတရားအသင်းနဲ့ ဆက်သွယ်မှုကြောင့် နှစ် ၂၀ အထိ ထောင်ဒဏ်ကျခံရသူတွေ ဖြစ်ပါတယ်။
ဇူလိုင်လတုန်းကလည်း သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား အယောက် ၇၀ လွတ်မြောက်လာခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက်အတွင်း အကျဉ်းသား ၃၀၀၀၀ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ပါဝင်ပါတယ်။
နိုင်ငံရေးအကျဉ်းသား လွတ်ပေးတဲ့အချိန်ဟာ သမ္မတအနေနဲ့ ဥရောပခရီးစဉ် မစတင်ခင်အချိန်၊ အမေရိကန်သမ္မတနဲ့ မတွေ့ဆုံခင် အချိန်မျိုးတွေနဲ့ တိုက်ဆိုင်လေ့ရှိတဲ့အတွက် သမ္မတဟာ နိုင်ငံရေးအကျဉ်းသားတွေကို အသုံးပြုပြီး မျက်နှာလို မျက်နှာရ လုပ်တာဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။
ခုလည်း သမ္မတဦးသိန်းစိန်ဟာ ဘရူးနိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးကို တက်ရောက်တဲ့နေ့မှာ အကျဉ်းသားတွေကို လွတ်ပေးလိုက်တာဖြစ်ပြီး အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံက အာဆီယံဥက္ကဌအဖြစ် တာဝန်လွဲပြောင်း ယူတော့မှာ ဖြစ်ပါတယ်။
အဲဒ့ါအပြင် ကချင်လွှတ်မြောက်ရေးတပ် ကေအိုင်အေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အချိန်နဲ့လည်း ကိုက်ညီနေတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသား လွှတ်ငြိမ်းချမ်းသာခွင့်
မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသား ၅၆ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။
လွတ်မြောက်လာတဲ့ နိင်ငံရေးအကျဉ်းသားတွေထဲက အများစုဟာ KIO ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့တွေ ပါဝင်တဲ့အကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသားဟောင်းများ စီစစ်ရေးကော်မတီက ဦးရဲအောင် က သတင်းထောက် တွေကို အခုလို ပြောဆိုပါတယ်။
“အဓိကအားဖြင့်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ လူတွေ များပါတယ်။ လွတ်တဲ့ထဲမှာ။ ပုဒ်မအားဖြင့် ပြောမယ်ဆို ပုဒ်မ ၁၇ (၁) ပါတာ များပါတယ်။ ဒီနေ့ ၅၆ ယောက် လွတ်တဲ့ဟာက ကျနော်တို့ နိုင်ငံရေး လက်ကျန်အကျဉ်းသား စီစစ်ရေးကော်မတီကနေ ကျနော်တို့ စီစစ်ပြီးတော့ တင်ပြထားတဲ့ လူတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ဒီလက်ကျန် နိုင်ငံရေးအကျဉ်းသားတွေကို တောက်လျောက် ဆက်လက်ပြီးတော့ စီစစ်ပေးနေမှာပဲ ဖြစ်တယ်။ လွတ်ဖို့ဆိုတဲ့ နေရာမှာကတော့ သမ္မတရဲ့ ဆုံးဖြတ်ချက် သမ္မတရဲ့ လုပ်ပိုင်ခွင့်ပဲ ဖြစ်တယ်။”
အင်းစိန်ထောင်၊ ကလေးထောင်၊ ဗန်းမော်ထောင်၊ ခန္တီထောင်၊ ကသာထောင်၊ ကျိုင်းတုံထောင်၊ လားရှိုးထောင်၊ မိထ္တီလာထောင်၊ မိုင်းဆတ်ထောင်၊ မြောင်းမြထောင်၊ မြစ်ကြီးနားထောင်၊ သီပေါထောင်၊ တောင်ကြီးထောင်နဲ့ မော်လမြိုင်ထောင်က အကျဉ်းသားတွေ လွတ်မြောက်လာတာ ဖြစ်ပါတယ်။
တိုင်းရင်းသား နိုင်ငံရေး အကျဉ်းသားတွေ အများဆုံးလွတ်ပေးလိုက်ချိန်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အစိုးရရဲ့ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့တို့ မြစ်ကြီးနားမြို့မှာ စတင်တွေ့ဆုံဆွေးနွေးချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဒီဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာလည်း ၀န်ကြီးဦးအောင်မင်း က နိုင်ငံရေး အကျဉ်းသား ၅၆ ယောက် လွတ်ပေးမည့်အကြောင်း ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါ့အပြင် သမ္မတဦးသိန်းစိန်က ဘရူနိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးကို တက်ရောက်ပြီး လာမယ့်နှစ်မှာ အာဆီယံဥက္ကဌ ရာထူးလက်ခံဖို့ တက်ရောက်နေချိန်နဲ့လည်း ကိုက်ညီနေပါတယ်။
နိုင်ငံရေးအကျဉ်းသား ၅၆ ယောက် လွတ်ပေးလိုက်ပေမယ့် ခုလောလောဆယ် နိုင်ငံရေးအကျဉ်းသား တစ်ရာကျော် ထောင်တွင်းမှာ ကျန်ရှိနေသေးတယ်လို့ သိရပြီး အမှုရင်ဆိုင်ရဆဲဖြစ်သူ ၂၃၂ ယောက်ရှိကြောင်း နိုင်ငံရေး အကျဉ်းသား စီစစ်ရေးကော်မတီက ပြောခဲ့တယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ထားပါတယ်။

No comments:
Post a Comment