Thursday, October 10, 2013

ဆီးဂိမ်းလှုံ့ဆော်မှု နောက်ဆုံးပွဲတွင် နိုင်ငံတကာမှ မယ်များအပြင် ထိုင်းနာမည်ကြီးတီးဝိုင်း Carabao ပါဝင်မည်

ပန်းမြတ်ဇော်

ADMA Media မှ စီစဉ်သည့် (၂၇)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ လှုံ့ဆော်မှု အစီအစဉ်၏နောက်ဆုံးဖျော်ဖြေပွဲတွင် ထိုင်းနိုင်ငံမှနာမည်ကျော်တီးဝိုင်းဖြစ်သော Carabao အဖွဲ့မှ ပါဝင် ဖျော်ဖြေမည်ဖြစ်သည်။ ယင်းပွဲကို အောက်တိုဘာ ၂၁ ရက်တွင် Junction Square Promiotion Area တွင် ညနေ ၅ နာရီမှ ၁၀ နာရီအထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ နာမည်ကြီးမင်းသားများနှင့်အတူ အလှမယ်များ၏ ဖက်ရှင်ရှိုး လည်း ပြသမည်ဖြစ်သည်။

ထို့အပြင် ရွှေခါးပတ်ချန်ပီယံ စောအုန်းမြင့်နှင့် ၀င်းစတားတို့၏ “ဆီးဂိမ်းအကြိုအောင်လံလုပွဲ” လက်ဝှေ့ အစီအစဉ်နှင့် မြန်မာနိုင်ငံမှ နာမည်ကျော် ခြင်းခတ်ပညာရှင် ခေတ္တရာအောင်အောင်၏ ခြင်းလုံး အလှခတ်ခြင်း အစီအစဉ်ကိုလည်း ထည့်သွင်းကာတင်ဆက်သွားမည်ဖြစ်သည်။ ယင်းပွဲသည် ဆီးဂိမ်းပွဲတော်၏ နောက်ဆုံး လှုံ့ဆော်မှုအနေဖြင့် ကျင်းပသည့်အတွက် အနုပညာဖျော်ဖြေမှုများသာမက အားကစားအစီ အစဉ်များကိုလည်း ထည့်သွင်းတင်ဆက်ကာ လှုံ့ဆော်ရခြင်းဖြစ်သည်။

နန်းခင်ဇေယျာက “မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Sea Game အကြိုလှုံ့ဆော်ပွဲအတွက် တစ်ဖက် တစ်လမ်း က ပါဝင်ချင်တာကြောင့် Miss International က အလှမယ်တွေကို ညီမကဖိတ်ခေါ်ပေးတာပါ။ ညီမအပါအ၀င် သူတို့ကမြန်မာဝတ်စုံတွေ ၀တ်ဆင်ပြီး ပြသကြမယ်။ ဆီးဂိမ်းကကစားနည်းတွေရဲ့ ၀တ်စုံ တွေကိုလည်းမြန်မာနိုင်ငံက အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေနဲ့ တွဲဖက်ပြီး ၀တ်ဆင်ပြသကြ မှာပါ။ မြန်မာဝတ်စုံ အတွက်ကိုတော့ ဒီဇိုင်နာပြည်စိုးအောင်က စီစဉ်ပေးတာပါ”ဟု ပြောပြသည်။

ယင်းပွဲတွင် နိုင်ငံတကာအလှမယ်များဖြစ်သည့် Miss New Zealand, Miss France, Miss Singapore, Miss Mongolia, Miss Estonia, Miss Italy တို့က မြန်မာနိုင်ငံမှ လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ မြင့်မြတ်၊ ဟိန်းဝေယံ၊ သူထူးစံ၊ ဖြိုးငွေစိုး၊ ထွန်းကိုကိုတို့နှင့်အတူ ဖက်ရှင်ပြသကြမည်ဖြစ်သည်။ နောက်ဆုံး အစီအစဉ်အဖြစ် ဧရာ၊ ကင်းကောင်၊ ၀က်မ၊ အုန်းသီး၊ ဗေဒါတို့၏ “နိုင်ရမည်” ဟာသပြဇာတ်ကို တင်ဆက်မည်ဖြစ်သည်။

၎င်းဆီးဂိမ်းအကြိုလှုံ့ဆော်မှုဖျော်ဖြေပွဲကို ၀င်ကြေးအခမဲ့ဖြင့်မည်သူမဆိုလာရောက် ကြည့်ရှုနိုင်မည်ဖြစ်ပြီး MRTV နှင့် Sky Net ရုပ်သံလိုင်းတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။

No comments: