Friday, December 27, 2013

ပေါင်းတည်ထောင်တွင်း အစာငတ်ခံဆန္ဒပြနေသူ အချုပ်သားသုံးဦး လွတ်ပြီ

ရေခဲ(ပြည်)

အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၆၊ ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်မှု (စီတန်းလှည့်လည် ခွင့် ဥပဒေပုဒ်မ ၁၈)တို့ဖြင့် နတ်တလင်းမြို့နယ် တရားရုံးက ဒေါ်မြင့်မြင့်အေးပါ သုံးဦးအပေါ် အမှုစွဲဆိုထားခြင်းကို ပဲခူးတိုင်းတရားရုံးမှ စွဲချက်မတင်သင့်ဟု ယမန်နေ့က ဆုံးဖြတ်ပေးခဲ့သဖြင့် ဒီဇင်ဘာ ၂၄ ရက်၊ နံနက်ပိုင်းတွင် ပေါင်းတည်ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်ဟု ကာယကံရှင်များက မဇ္ဈိမ ကို ပြောသည်။

မိတ်္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေး၊ ၀ိမုတ်္ထိ လူမှုကူညီရေးအဖွဲ့မှ ဒေါ်မိမိခိုင်၊ နတ်တလင်း ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဦးသန့်ဇင်ထက်တို့သည် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ကြတ်ကြီးကြိုးဝိုင်းအတွင်း သိမ်းယူခံထားရသည့် လယ်ယာမြေ ဧက ၁၄၀ ခန့်အတွက် ထွန်တုံးတိုက်ပွဲ ဆင်နွှဲသော တောင်သူများကို အားပေးကူညီခဲ့ပြီးနောက် ဇွန် ၁၁ ရက်ကတည်းက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ် သည်။

ယင်းတို့တွင် ဒေါ်မြင့်မြင့်အေးနှင့် ဒေါ်မိမိခိုင်ကို အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၆၊ ဦးသန့်ဇင်ထက်အား သင်းဖွဲ့ဥပဒေပုဒ်မ ၆ အပြင် ပုဒ်မ ၁၈ ဖြင့်ပါ တရားစွဲဆိုခြင်းဖြစ်ပြီး အာမခံမရရှိသဖြင့် ပေါင်းတည်ထောင်အတွင်း အချုပ်သားဘ၀ဖြင့် အမှုရင်ဆိုင်နေရသူများဖြစ်သည်။ ထိုသူတို့သည် တရား ရုံးဆုံးဖြတ်ချက် ကြန့်ကြာနေမှုကို ကန့်ကွက်သည့်အနေဖြင့် လွတ်မြောက်လာသည့်နေ့မတိုင်မီအထိ ၁၁ ရက်တိုင် အစာငတ်ခံ ဆန္ဒဖော်ထုတ်ခဲ့ကြသော်လည်း ကျန်းမာရေးထိခိုက်မှုမရှိဟု ကာယကံရှင်တို့က ဆိုသည်။

“ရေကလွဲလို့ ဘာမှ မစားခဲ့ဘူး။ သကြားဓာတ်နည်းလို့ ကလူးကို့သွင်းဖို့ပြောတာ လက်မခံခဲ့ဘူး။ သူတို့ ထဲက ကျန်းမာရေးဆရာဝန်တွေနဲ့ပေါ့။ နေ့တိုင်း ကျန်းမာရေးဆရာမ လေးယောက်လာတယ်။ ကလူးကို့ သွင်းတာကို ငြင်းဆန်ကြောင်း လက်မှတ်ထိုးထားရတယ်”ဟု ဒေါ်မြင့်မြင့်အေးက ပြောသည်။

ကာယကံရှင်များကမူ ယင်းသို့ တရားစွဲဆိုခံရခြင်းသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရခေတ် နိုင်ငံရေးပါတီများကို ချုပ်ချယ်လိုသည့် ဥပဒေများဖြင့်သာဖြစ်ပြီး စွပ်စွဲချက်များအပေါ် အမှန်တကယ် ကျူးလွန်ခြင်းမရှိခဲ့ဟု ဆိုသည်။

“ကျွန်မတို့ကို ဘယ်လိုတရားဆွဲရမလဲဆိုတာ ရှာကြံပြီး မငြိစွန်းတဲ့ ပုဒ်မ(၆)၊ ပုဒ်မ(၁၈) တပ်ပြီးစွဲခဲ့တယ်” ဟု ဒေါ်မြင့်မြင့်အေးက ပြောသည်။

အစာငတ်ခံဆန္ဒပြနေစဉ်အတွင်း ထောင်အာဏာပိုင်များက သပိတ်လှန်၍ဆန္ဒပြမှုရပ်ဆိုင်းသွားရန် အမျိုးမျိုးကြိုးပမ်းခဲ့ကြသည်ဟု သွေးပေါင်ချိန်ကျ၍ ဆေးကုသမှုခံယူခဲ့ရသူ ဦးသန့်ဇင်ထက်က ဆိုသည်။

“ဆေးကုသမယ်ဆိုရင် သပိတ်လှန်ရာရောက်တယ်။ ထောင်လက်စွဲဥပဒေမှာ ဖော်ပြထားပါတယ်ဆိုပြီး အကျဉ်းဦးစီးညွှန်မှူးက ပြောတယ်။ ထောင်လက်စွဲဥပဒေမှာပါတယ်လို့ သူက ပြောတယ်။ထောင်လက် စွဲထဲမှာလည်း မရှိဘူး။ စိတ်ဓာတ်ကျပြီး သပိတ်လှန်အောင်လုပ်တာ”ဟု ၎င်းက ပြောသည်။

အဆိုပါသုံးဦး၏ အမှုနှင့်စပ်လျဉ်း၍ တရားရုံးများက ဆုံးဖြတ်ချက်မချဘဲ အချိန်ဆွဲနေခြင်းကြောင့် လူ့ အခွင့်အရေး ဆုံးရှုံးနေရသည်ဟုဆိုကာ ပဲခူးတိုင်းရှိ နတ္တလင်း၊ သဲကုန်း၊ ဇီးကုန်းမြို့မှ တောင်သူ ၃၇ ဦး က ဒီဇင်ဘာ ၁၁ ရက်စွဲဖြင့် သမ္မတဦးသိန်းစိန်ထံ အမြန်ဆုံး ဖြေရှင်းပေးရန် စာရေးသား တောင်းဆိုခဲ့ သေးသည်။

No comments: