ဝင်းကိုကိုလတ်
မြန်မာနိုင်ငံရှိ အိတ်ခ်ျအိုင်ဗွီ၊ တီဘီနှင့် ငှက်ဖျားရောဂါ ခံစားနေရသူ ရှစ်သန်းအတွက် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ၃ ရပ်(3 MDG) အဖွဲ့မှ ကန်ဒေါ်လာ ၉၁ သန်း ထောက်ပံ့သွားမည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းအဖွဲ့သည် ၂ဝ၁၆ ခုနှစ်ကုန်အထိ အိတ်ခ်ျအိုင်ဗွီအတွက် ကန်ဒေါ်လာ ၂၇ ဒဿမ ၄ သန်း၊ တီဘီရောဂါအတွက် ကန်ဒေါ်လာ ၂၁ သန်းနှင့် ငှက်ဖျားရောဂါအတွက် ၄၂ ဒဿမ ၆ သန်း ခွဲဝေထောက်ပံ့သွားမည်။ မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းစဉ်အတွက်မူ ၂ဝ၁၄ခုနှစ် ဧပြီလမှ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလအထိ မူးယစ်ဆေးဝါး သုံးစွဲသူ ၄ဝ,ဝဝဝ ကျော်နှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁သန်းကို သုံးစွဲသွားမည် ဖြစ်သည်။
ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် အိတ်ခ်ျအိုင်ဗွီပိုးနှင့် ကိုယ်ခံအားကျဆင်းမှုကြောင့် ဝင်ရောက်လာမည့် အခြားရောဂါများ ပြန့်ပွားခြင်းကို လျှော့ချနိုင်မည်ဟု အမျိုးသားခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေး စီမံချက်ကလည်း ထောက်ပြထားသည်။
ထို့ပြင်သွားလာရခက်ခဲ့သည့် မြို့ ၇၅ မြို့နှင့် မြို့ပြ ဆင်ခြေဖုံးဒေသများတွင် တီဘီရောဂါရှိသူများအား လိုက်ခံရှာဖွေရာသည့် စီမံချက်လည်း ပါဝင်မည် ဖြစ်သည်။
ငှက်ဖျားရောဂါနှင့် ပတ်သက်၍ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များရှိ မြို့နယ် ၅၄ မြို့နယ်တွင် ငှက်ဖျားရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေခြင်းစသည့် လုပ်ငန်းများတွင် ထောက်ပံ့ငွေကို သုံးစွဲမည်ဖြစ်သည်။
ယင်းစီမံချက်များကို 3MDGအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။
3MDG အဖွဲ့သည် မြန်မာနိုင်ငံတွင် ကလေးသေဆုံးမှုလျှော့ချခြင်း၊ မိခင်များကျန်းမာရေး တိုးတက်ကောင်းမွန်ရေး၊ အိတ်ခ်ျအိုင်ဗွီနှင့် တီဘီရောဂါများ တိုက်ဖျက်ရန် အကူအညီပေးနေသည့် အဖွဲ့ဖြစ်သည်။
No comments:
Post a Comment