ကေဇူး
ပဋိပက်္ခများ ဖြစ်ပေါ်ရခြင်းသည် အစိုးရက ၁၉၈၂ ဥပဒေကို ထိရောက်စွာ မကျင့်သုံးခဲ့ခြင်းကြောင့်ဟု မြန်မာမွတ်စလင်အဖွဲ့မှ ဒု-ဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းက မေ ၅ ရက်တွင် မဇ္ဈိမကိုပြောသည်။
ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမတွင် မေ ၅ ရက်က ကျင်းပသည့် “ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ် ညီလာခံကျင်းပရေး” သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် စပ်လျဉ်းပြီး ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေရှိခဲ့ပါလျက် အသုံးချခြင်းသို့မဟုတ် ပြင်ဆင်ခြင်းမရှိဘဲ (White Card) ၀ှိုက် ကတ်ထုတ်ပေးခဲ့တဲ့အတွက် ဒီပြဿနာက ရှင်းလို့မရတော့ဘူး” ဟု ၎င်းက မဇ္ဈိမကိုပြောသည်။
၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို အကောင်အထည်ဖော်ရန် ရခိုင်ပြည်နယ် ဆယ်မြို့နယ်ကျော်က ဆန္ဒ ထုတ်ဖော်တောင်းဆိုပြီး ဒုချရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကလည်း ပြည်ထောင်စုအစိုးရကို အလားတူ အကြံပြုထားသည်။
ထို့ပြင် ပြီးခဲ့သည့် တစ်ပတ်အတွင်းက ပြုလုပ်ခဲ့သော ရခိုင်အမျိုးသားညီလာခံတွင်လည်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ၁၉၈၂ နိုင်ငံ သားဖြစ်ခွင့်ဥပဒေကို လိုက်နာကျင့်သုံးရန် လိုအပ် ကြောင်းပြောကြားခဲ့သည်။
“လူ့အခွင့်ရေးကို ချိုးဖောက်ထားတဲ့ ဥပဒေဖြစ်ပါတယ်၊ ပြင်ဆင်ပေးဖို့ လိုပါတယ်”ဟု မောင်တောမြို့မှ ဦးအဒူတာဟေးက ပြောသည်။
၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာသူများသည် နိုင်ငံသားဖြစ်ပြီး ဧည့်နိုင်ငံသားနှစ်ဦးမှ မွေးဖွားသည့် သားသမီးနှင့် နိုင်ငံသား(သို့)ဧည့်နိုင်ငံသား(သို့) နိုင်ငံသားပြုခွင့်ရသူ တစ်ဦးဦးမှ မွေးဖွားလာသူသည် အလိုအလျောက်နိုင်ငံသားဖြစ်သည်။
ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမှ မွေးဖွားလာသည့် သားသမီးနှင့် နိုင်ငံသားသို့မဟုတ် ဧည့်နိုင်ငံ သား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ တစ်ဦးဦးတို့မှ မွေးဖွားလာသူသည် အလိုအလျောက် နိုင်ငံသား ဖြစ်ပေသည်။
ဥပဒေ ၁၅ အရ နိုင်ငံသားသည် နိုင်ငံခြားသားနှင့် အိမ်ထောင်ပြုရုံမျှဖြင့် နိုင်ငံသားအဖြစ်မှ အလိုလျောက် မဆုံးရှုံးဘဲ နိုင်ငံခြားသားတစ်ဦးကလည်း နိုင်ငံသားနှင့် အိမ်ထောင်ပြုကာမျှနှင့် နိုင်ငံသားအဖြစ် အလို အလျောက် မရရှိနိုင်ပေ။
“ပြည်ထောင်စုသား မြန်မာမွတ်စလင်များ ပြည်လုံးကျွတ်ညီလာခံ”ကို စက်တင်ဘာလမတိုင်ခင် ရန်ကုန်မြို့ တွင် ကျင်းပရန်လျာထားပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစ္စလာမ်ဘာသာဝင် အားလုံးနှင့် သက်ဆိုင်သော ညီလာခံဖြစ်ကြောင်း ဦးအုန်းမောင်ကပြောသည်။
No comments:
Post a Comment