Thursday, May 8, 2014

ဖုန်းကို ခိုးယူထွက်ပြေးသည့် ရှစ်တန်း ကျောင်းသားနှစ်ဦး ချက်ချင်းဖမ်းမိ

ဖြိုးဝေလင်း

အသက် ၁၅ နှစ် ၀န်းကျင်ရှိ အဋ္ဌမတန်းကျောင်းသားနှစ်ဦးက ပန်းဘဲတန်းမြို့နယ်ရှိ အိတ်မျိုးစုံရောင်းချသော စတိုးဆိုင်အတွင်းမှ လက်ကိုင်ဖုန်းတစ်လုံးကို ဧပြီ ၃၀ ရက်နေ့လယ်တွင် ဆိုင်အတွင်း ၀င်ရောက်ခိုးယူကာ ထွက်ပြေးသွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ုကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၌ ဖွင့်လှစ်ထားသော Forbes အိတ်ဆိုင်သို့ ယင်းနေ့၊ နေ့လယ် ၁၂ နာရီ ခန့်က အသက် (၁၅)နှစ်အရွယ် ရှစ်တန်းကျောင်းသားတစ်ဦးနှင့် အသက်(၁၆)နှစ်အရွယ် ရှစ်တန်းကျောင်း သားတစ်ဦးရောက်ရှိလာပြီး အိတ်များကို ကြည့်ရှုဟန်ပြုကာ ဆိုင်အတွင်းရှိ အားသွင်းထားသည့် HUAWEI GLX အမျိုးအစားကို ခိုးယူထွက်ပြေးသွားခဲ့သည်ဟု ရဲစစ်ချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ ဖုန်းကို ခိုးယူလိုက်စဉ်ဆိုင်တွင် အလုပ်လုပ်နေသူဖုန်းပိုင်ရှင် မအေးမြမြအောင်က ပြန်လည်တောင်း ယူရန်ပြု လုပ်ခဲ့သော်လည်း ကျောင်းသားနှစ်ဦးမှာ ဖုန်းကိုယူ၍ထွက်ပြေးရာ ပတ်ဝန်းကျင်ကို အော်ဟစ်အကူ အညီတောင်းခဲ့သဖြင့် ၀ိုင်းဝန်းဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ယင်းအမှုနှင့်ပတ်သက်၍ ၀င်ရောက်ခိုးယူခဲ့သော ရှစ်တန်းကျောင်းသားနှစ်ဦးအား အရေးယူပေးရန် ဖုန်းပိုင် ရှင် မအေးမြမြအောင်က တရားလိုပြုလုပ်ပြီး တိုင်းတန်းခဲ့သဖြင့် ပန်းဘဲတန်းရဲစခန်းမှ (ပ)၁၃၆/ ၁၄၊ပြစ်မှု ပုဒ်မ ၃၈၀/၁၁၄ ဖြင့်အမှုဖွင့်ကာ တရားခံများကို ဖမ်းဆီးစစ်ဆေးနေသည်။

No comments: