Friday, May 23, 2014

စဥ့်ကိုင်မြို့ သစ်အချောထည် စက်ရုံအလုပ်သမား ၂ဝဝ ကျော် ဘုန်းကြီးကျောင်းတွင် ခိုလုံနေရ

ဖိုးစိုးသူ

မေလ ၂၁ရက် ညနေက မန္တလေးတိုင်း စဉ်ကိုင်မြို့နယ်ရှိ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အကြမ်းဖက်နှင်ထုတ်ခံရသည့် အလုပ်သမား နှစ်ရာကျော်မှာ ရှမ်းကန်ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ဒုက္ခသည်များအဖြစ် ခိုလှုံနေရသည်ဟု အလုပ်သမားခေါင်းဆောင် ကိုခိုင်မင်းက မဇ္ဈိမကိုပြောသည်။

အလုပ်ရှင်၊ အလုပ်သမားများ သဘောတူညိမှု မရရှိထားသော စာချူပ်ကို စက်ရုံက တစ်ဖက်သတ်ချူပ်ဆို ခိုင်းသည့်အတွက် အလုပ်သမား ၁၉ဝဝ ခန့်က လက်မှတ် မရေးထိုးပေ။ အဆိုပါကိစ္စကြောင့် မေ ၂၁ရက် ညနေခင်းသုံးနာရီ ဝန်းကျင်တွင် စက်ရုံအတွင်းနေထိုင်သော အလုပ်သမားများကို ခဲများဖြင့်ပစ်ပေါက်ခြင်း၊ စက်ရုံအပြင်သို့ ရဲဝန်းထမ်းများဖြင့် ဆွဲထုတ်ခြင်းများ ပြုလုပ်သည့်အတွက် ဘုန်ကြီးကျောင်းတွင် သွားရောက်ခိုလှုံရခြင်း ဖြစ်သည်ဟုဆိုသည်။

"အလုပ်သမားတွေကို ရဲဝန်ထမ်းတွေ နဲ့ မီးသတ်ဝန်ထမ်းတွေ အကူညီနဲ့ နှင်ထုတ်တယ်။ တစ်ချို့အလုပ်သမား မိန်းကလေးတွေ ရေချိုးနေတုန်း ထမီရင်လျားကြီးတွေ နဲ့ကို အတင်းဆွဲပြီး စက်ရုံအပြင်ထုတ်တယ်။ ခဲနဲ့ပစ်ပေါက်တယ်။ ပွန်းပဲ့တာလောက်ပဲ ထိခိုက်မှုရှိတယ်။ ကြီးကြီးမားမားတော့ ဒဏ်ရာရတာမရှိပါဘူး။ အခုစက်ရုံထဲကို ဝင်လို့မရအောင် သံဆူးကြိုးနဲ့ခတ်ထားတယ်" ဟု ဆိုသည်။

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အလုပ်သမားများကို အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားချက်များပါ စည်းမျဉ်းစည်းကမ်း အချက်လက်များပါဝင်သော သဘောတူစာချုပ်ကို ချုပ်ဆိုရန်အတွက် မေ ၁၉ ၊ ၂ဝ ၊ ၂၁ နောက်ဆုံးထား လက်မှတ်ထိုးပေးရန် အလုပ်သမားများကို မေလအတွင်း အကြောင်းကြားထားသည်ဟု စက်ရုံ၏ အမှုဆောင်ဒါရိုက်တာ ဦးထွန်းနိုင်ဦးက မဇ္ဈိမသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

" အလုပ်သမားခေါင်းဆောင် ခိုင်မင်း နဲ့ စက်ရုံအလုပ်သမားတစ်ယောက်နဲ့ ရန်ဖြစ်တယ်။ နောက်ပြီး အလုပ်သမားခိုင်မင်းတို့ကြောင့် စက်ရုံမှာရှိတဲ့ အထပ်သားသစ် ကျပ်သိန်း ၃၅ဝဖိုးလောက် ပျက်စီးသွားတဲ့အတွက် တရားစွဲဆိုသွားမယ်။ နောက်ပြီး ဒီလိုပြဿနာကို ကျွန်တော်တို့အနေနဲ့ အလုပ်သမားဝန်ကြီးဌာနကို အလုပ်ထုတ်ဖို့အတွက် တင်ပြခဲ့ပေမယ့် ထူးခြားမှုမရှိခဲ့ဘူး။ အကြမ်းဖက်ပြီး အလုပ်သမားတွေကို နှင်ထုတ်တာတော့ မဟုတ်ဘူး" ဟု ၎င်းဆိုသည်။

အလုပ်သမားများအား အကြမ်းဖက်နှင်ထုတ်ခံရမှု နှင့် ပတ်သက်ပြီး အမှုဖွင့်ထားခြင်း ရှိမရှိ စဥ့်ကိုင်မြို့နယ် ရဲစခန်း ဖုန်းနံပါတ် ဝ၆၆-၄ဝဝ၃၁ ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျရဲဝန်ထမ်းက "ရဲစခန်းတာဝန်ရှိသူများအနေဖြင့် မသိရှိရဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံအလုပ်သမား ၁၉ဝဝ ခန့်ရှိပြီး စက်ရုံက အကြမ်းဖက်နှင်ထုတ်ခြင်းကို ခံရပြီးနောက် စက်ရုံအလုပ်သမားတန်းလျားတွင် နေထိုင်ရသော အလုပ်သမား ၂ဝဝ ကျော်မှာ ရှမ်းကန်ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံ့နေရသည်။ ထိုပြဿနာအား ဖြေရှင်းဆောင်ရွက်ပေးမည့် အဖွဲ့စည်းများလည်းမရှိဘူးဟု အလုပ်သမားများက ဆိုသည်။

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ လုပ်သားများက ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း လုပ်ခလစာတိုးပေးရန်အတွက် ဆန္ဒပြ တောင်းဆိုမှုများလည်းပြုလုပ်ခဲ့ပြီး ၂ဝ၁၄ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း အလုပ်သမား ၁ဝဝဝကျော်က စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော် တိုက်ပွဲဝင်ခဲ့သေးသည်။

No comments: