Thursday, May 8, 2014

ကချင်စစ်ပွဲများ သန်းခေါင်စာရင်း နှင့်ပတ်သက်ဟု ဦးအောင်မင်းဆို

ယုဝေ

ဧပြီလအတွင်းက ကချင်ပြည်နယ်တွင် ဖြစ်ပွားသောတိုက်ပွဲများသည် သန်းခေါင်စာရင်းကောက်ရင်းဖြစ်သည့် တိုက်ပွဲများဖြစ်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်းက မေ ၅ ရက် တွင် မြန်မာငြိမ်းချမ်းရေးစင်တာ၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးယူရန်ဟုဆိုကာ ရောက်ရှိလာသည့် တပ်မတော်၊ တပ်ခွဲများ နှင့် ကေအိုင်အေတပ်များသည် မန်စီမြို့နယ်အတွင်း ဧပြီလ ၁၀ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည် ဟုလည်း ကရုဏာအသင်းတော်မှ ဖာသာများက မဇ္ဈိမကိုပြောထားဖူးသည်။

ထို့ကြောင့် ကေအိုင်အေနှင့် တပ်မတော် ကိုယ်စားလှယ်များနှစ်ဖက်တွေ့ဆုံမည့် မေလ ၁၃ ရက် မြစ်ကြီးနားဆွေးနွေးပွဲတွင် တပ်မတော်အဆင့်မြင့်အရာရှိများအပါအ၀င် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီပါ တက်ရောက်ဆွေးနွေးသွားမည်ဟု ဦးအောင်မင်းထံမှ သိရ သည်။

“မန်စီမြို့နယ်၊ မန်ဝိုင်းကြီးဒေသမှာ ဖြစ်တဲ့တိုက်ပွဲတွေက သန်းခေါင်စာရင်းကောက်ရင်းဖြစ်တဲ့ တိုက်ပွဲတွေ ဖြစ်တဲ့အတွက် သန်းခေါင်စာရင်းကိစ္စနဲ့ပတ်သက်တဲ့ ဦးခင်ရီပါမှာပါ” ဟု ပြောသည်။

ဆွေးနွေးပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ ပါဝင်မည်ဖြစ် ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဘက်မှ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့များလည်း ပါဝင်မည်ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲအတွက် အစိုးရ ဘက်မှဆွေးနွေးမည့် အကြောင်းအရာ စီစဉ်ထားခြင်းမရှိဘဲ ကေအိုင် အေဘက်မှ တင်ပြလာသည့် အကြောင်းအရာပေါ်တွင် မူတည်ဆွေးနွေးသွားမည်ဟု ဦးအောင်မင်းက ဆိုသည်။

ကချင်ပြည်နယ်တွင် ဧပြီလ ၁၀ရက်မှ ၁၈ ရက်အထိ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့် မြစ်ကြီးနားတွင် အစိုးရ နှင့် ညှိနှိုင်းဆွေးနွေးရန် ကေအိုင်အေဘက် မှ ဧပြီ ၂၉ ရက်တွင် စာပို့ခဲ့သည်။

No comments: