Saturday, May 3, 2014

စည်းကမ်းမဲ့မော်တော်ယာဉ်များကို ရဲနှင့်ယာဉ်ထိန်းရဲတို့ ပေါင်းဖမ်းမည်

နန်းမြင့်

ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးသုံးခုရှိ မီးပွိုင့်များတွင် စည်းကမ်းမဲ့မောင်းနှင်လာသော ယာဉ်များကို ရဲတပ် ဖွဲ့ဝင်များ ပူးပေါင်းကာ မှတ်သားဖမ်းဆီး အရေးယူမှု စတင်နေပြီဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။

လက်ရှိတွင် စည်းကမ်းမဲ့ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများကို အရေးယူဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍ ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်းနှင့် ဝေဇယန္တာလမ်းမကြီးတစ်လျှောက်ရှိ ရန်ကုန်လွှတ်တော် ထောင့်၊ ရှင်စောပုထောင့်၊ ဗားကရာ၊ ဟံသာဝတီအ၀ိုင်း၊ လှည်းတန်း၊ အင်းယားလမ်း၊ အေဒီလမ်း၊ ရှစ် မိုင်မီးပွိုင့်တို့တွင် ယာဉ်ထိန်းရဲအဖွဲ့၊ နယ်မြေရဲအဖွဲ့နှင့် ရဲတပ်ရင်းအဖွဲ့များ ချထားကာ အရေးယူမည်ဟု ဆိုသည်။

အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီးဦးလင်းထွဋ်က “ပုံမှန်က ယာဉ်ကြောပိတ်ဆို့မှုနဲ့ ဘယ်နေရာမှာ ပိတ်တယ်။ စစ်ဆေးတယ်။ ပွိုင့်တိုင်းမှာ ချထားတဲ့အတွက် စက်နဲ့လှမ်းပြောမယ်။ အဲဒီလို လုပ်ဖို့ စီစဉ်ထားတယ်။ ကားတွေ ရမ်းပြီး မောင်းနှင်လာတာကို ဖမ်းဆီးစစ်ဆေးဖို့ အန္တရာယ်ရှိတဲ့အတွက် မှတ်သားဖမ်းဆီးနဲ့ အရေးယူမယ်”ဟု ပြောသည်။

စည်းကမ်းမဲ့ယာဉ်များအား မှတ်သားဖမ်းဆီးသည့်စာအုပ်တွင် နေ့ရက်/အချိန်၊ နေရာ/မြို့၊ ယာဉ်အမှတ်၊ အမျိုးအစား၊ အရောင်၊ ပြစ်မှုကျူးလွန်ပုံ၊ ဖမ်းဆီးသူ၏လက်မှတ်၊ အမည်၊ ရာထူး/တာဝန်၊ ဌာနတို့ ပါဝင် သည်။

စည်းကမ်းမဲ့မောင်းနှင်သည့် ယာဉ်များနှင့်ပတ်သက်ပြီး “မြန်နှုန်းမြင့်မောင်းလာရင် လိုက်ဖို့ ယာဉ်မရှိဘူး၊ သူတို့မောင်းလာတဲ့ မြန်နှုန်းတင်မကဘူး လမ်းပြောင်းပြန်ပါ မောင်းနှင်တယ်”ဟု ဦးလင်းထွဋ်က ပြော သည်။

ရန်ကုန်တိုင်း အနောက်ပိုင်းနှင့် မြောက်ပိုင်းမြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့များကို မှတ်သားဖမ်းဆီးစာ အုပ်ပေါင်း ၂၀၀ ခန့်ဖြင့် ဖြန့်ဝေပေးထားပြီး ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဒီဇင်ဘာလအထိ မြန်မာတစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှုပေါင်း ၁၅,၀၀၀ နီးပါးဖြစ် ပွားခဲ့ပြီး ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ၃,၆၁၂ ဦးနှင့် ဒဏ်ရာရရှိသူ ၁၉,၄၀၅ ဦး ရှိခဲ့သည်။

No comments: