Thursday, May 1, 2014

ရန်ကုန်-မန္တလေး အမြန်လမ်းမတစ်လျှောက် လုံခြုံရေးတင်းကျပ်ပေးရန် တိုက်တွန်း

လပြည့်ဝန်း

ရန်ကုန်-မန္တလေး အမြန်လမ်းမတစ်လျှောက်တွင် ကိုယ်ပိုင်ကားနှင့်ယာဉ်ငယ်များကို ပစ်မှတ်ထားပြီး လုယက်မှုများဖြစ်ပေါ်နေသည့် သတင်းများကြောင့် အဝေးပြေးလမ်းလုံခြုံရေးကို ပိုမိုတင်းကျပ်စွာ ချထား ဆောင်ရွက်သင့်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောသည်။

အမြန်လမ်းတစ်လျှောက် လုယက်၊ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အွန်လိုင်းမီဒီယာများတွင်လည်း သတိ ပေးရေးသားမှုများရှိနေပြီး ထိုသတင်းများကြားသိနေရသည်ဟု မန္တလာမင်းယာဉ်လိုင်းမှ အမည်မဖော်လိုသူ ၀န်ထမ်းတစ်ဦးက ဆိုသည်။

“အဓိကကတော့ ယာဉ်သေးသေးလေးတွေကို ပစ်မှတ်ထားပြီး လုယက်တာတွေ ဖြစ်တယ်လို့တော့ကြား တယ်။ ကျွန်တော်တို့ ယာဉ်လိုင်းတွေမှာတော့ လုံခြုံရေးအတွက် နေပြည်တော်အမြန်လမ်းရဲ့ ဖုန်းနံပါတ်တွေကို ထားထားတယ်။ အခုထိတော့ ယာဉ်လိုင်းကြီးတွေကို လုယက်၊ ဓားပြတိုက်တာတော့ မကြားမိ ဘူး”ဟု မဇ္ဈိမကိုပြောသည်။

အမြန်လမ်းတစ်လျှောက် ညဥ့်နက်အချိန်များတွင် ကျောက်တုံးများထည့်ထားသည့် အိတ်များသယ်ယူလာသည့် ဆိုင်ကယ်များက ကားများ ရပ်တန့်သွားစေရန် ထိုအိတ်များကို ပိတ်ဆို့သည့်အတွက် ကားများရပ် တန့်သွားခြင်း၊ တိမ်းမှောက်သွားခြင်း ဖြစ်ပေါ်ပါက လမ်းဘေးခြုံများတွင် အကွယ်ပြု ခိုအောင်းနေသူ လူတစ်စုမှ ထွက်လာပြီး လုယက်၊ တိုက်ခိုက်မှုများ ပြုလုပ်မှုများ ဖြစ်ပေါ်နေသည်ဟု အွန်လိုင်းမီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။

မိုင် ၃၀၀ ကျော်ကွာဝေးသည့် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက်တွင် ယာဉ်ရပ်နားစခန်းများမှာ တစ်ခုနှင့်တစ်ခု အလွန်ဝေးကွာနေသောကြောင့်ဖြစ်ပြီး၊ လုံခြုံရေးတာဝန်ယူထားသော ရဲစခန်းများတွင်လည်း ကင်းလှည့်နိုင်ရန် မော်တော်ယာဉ်ထားရှိမှု ပြည့်စုံခြင်းမရှိသောကြောင့် လုယက်၊ တိုက်ခိုက်မှုများ ဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟု ဦးဝင်းထိန်က ပြောသည်။

နေပြည်တော် အမြန်လမ်းပေါ်တွင် လုယက်မှုနှင့် ဓားပြတိုက်မှုများနှင့်ပတ်သက်ပြီး နေပြည်တော် အမြန် လမ်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှ ယနေ့အထိ ထိုကဲ့သို့ အမှုများမရှိသေးဟုလည်း မဇ္ဈိမ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

No comments: