နန်းလွင်နှင်းပွင့်
ပြည်ပအခြေစိုက် နိုင်ငံခြားသတင်း ဌာနများမှ သတင်းထောက်များ မြန်မာနိုင်ငံတွင်း သတင်းရယူရန် ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပေးသော အသိအမှတ်ပြုကတ် (Green Card) ၏ သက်တမ်း ထက်ဝက်ခန့်လျှော့ချလိုက်ခြင်းကို ယခုမှ ပင်သိရှိသည်ဟု မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်း Foreign Correspondents’ Club of Myanmar – FCCM) ၏ အဖွဲ့ဝင်အချို့ က မဇ္ဈိမကို ပြောသည်။
သတင်းရယူခွင့်ကတ်ပြားအား တစ်နှစ် မှ ခြောက်လသက်တမ်း လျှော့ချလိုက် ခြင်းဖြစ်ပြီး ယင်းသို့လျှော့ချ လိုက်ခြင်းမှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကတည်းကဖြစ် သည်ဟု ပြန်ကြားရေးဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဆိုသော်လည်း နိုင်ငံခြားသတင်း ထောက်အများစုကမူ ယခုမှသာ သိရှိသည်ဟု မဇ္ဈိမကိုပြောသည်။
၂၀၁၄ ခုနှစ် မေလအတွင်း သက်တမ်းတိုးမြှင့်ထားသူ မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်းဝင်၊ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့အခြေစိုက် AP သတင်းဌာနမှ ဓာတ်ပုံသတင်းထောက် ဦးခင်မောင်ဝင်းက “သက်တမ်းလျှော့ချ လိုက်တော့ အလုပ်ပိုရှုပ်တယ်၊ အရင်ခေတ်ဆိုးတုန်းကတောင် တစ်နှစ် ရတယ်၊ အခုကျမှ သက်တမ်းက ငါးလ၀န်းကျင်ပဲ ရတော့တယ်” ဟု ပြောသည်။
သက်တမ်းလျှော့ချလိုက်ခြင်းနှင့်ပတ်သက်ပြီး ပြန်ကြားရေးဒု-၀န်ကြီး ဦးရဲထွဋ် ကမူ “အခုမှလျှော့တာ မဟုတ်ပါဘူး၊ အရင်တည်းက ခြောက်လပဲ ကျွန်တော်တို့ သတ်မှတ်ထားတာပါ” ဟု ပြောသည်။
နိုင်ငံခြားသတင်းထောက်များကမူ အသိအမှတ်ပြုကတ်ပြား သက်တမ်းလျှော့ ချခြင်းကို မသိရှိရဘဲ တရားဝင်စာဖြင့် အကြောင်းကြားထားခြင်းမျိုးလည်းမရှိဟု ဆိုသည်။ ပုံမှန်အားဖြင့် သက်တမ်းမှာ တစ်နှစ်တွင် တစ်ကြိမ် ပြန်ကြားရေးဝန်ကြီးဌာနတွင် တိုးမြှင့်ရပြီး ၂၀၁၄ ခုနှစ် မေလတွင် သက်တမ်း သွားရောက်တိုးမြှင့်ခဲ့သည့် နိုင်ငံခြားသတင်းထောက်များကို ခြောက်လ သက်တမ်းရေးပေးမှသာလျှင် သိရသည်ဟု ဆိုကြသည်။
No comments:
Post a Comment