Monday, May 5, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဒီချုပ်နှင့် ၈၈တို့ အစည်းအဝေးလုပ်

Mizzima

၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောပွဲနှင့် ပြည်သူလူထု လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ရေးများ ပြုလုပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ မေလ ၄ရက် နံနက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပူးပေါင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈တို့ ပူးပေါင်းကာ ပထမဆုံးအကြိမ်အဖြစ် ဟောပြောပွဲကို မေလ ၁၇ရက်တွင် ရန်ကုန်မြို့ ဗိုလ်စိန်မှန် အားကစားကွင်း၌ ပြုလုပ်မည်ဖြစ်ပြီး မေလ ၁၈ရက်တွင် မန္တလေး၌ ပြုလုပ်မည်ဖြစ်သည်။

မေလ ၄ရက် နံနက်က ပြုလုပ်သည့် အစည်းအဝေးသို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသော ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးဝင်းထိန်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာမျိုးအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ရန်ကုန်တိုင်းမှ ဦးမြင့်ဌေး၊ ဦးထွန်းမြင့်၊ ဦးစိုးညွန့်(တော်ဝင်နှင်းဆီ)တို့ တက်ရောက်ကြပြီး ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဂျင်မီ နှင့် အံ့ဘွယ်ကျော်တို့ တက်ရောက်ခဲ့ကြသည်။

No comments: