ကျော်စိုးမိုး
ရန်ကုန်တိုင်းအတွင်းရှိ မီးပွိုင့်များတွင် စည်းကမ်းမဲ့ကျော်တက်သည့် ယာဉ်များ၊ လမ်းပြောင်းပြန်မောင်းသည့် ယာဉ်များကို မှတ်သားဖမ်းဆီးမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီး လင်းထွဋ်က ပြောသည်။
"မီးပွိုင့်မှာ လမ်းတွေပိတ်နေရင် လမ်းပြောင်းပြန်ကျော်တက်တာတို့၊ ဖြတ်ဝင်တာတို့ကို မှတ်သားဖမ်းဆီးနိုင်ဖို့အတွက် ယာဉ်ထိန်းအင်အား ပိုမိုတိုးမြှင့်သွားမယ်"ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီး လင်းထွဋ်က ပြောသည်။
ယခင်က မီးပွိုင့်တွင် တာဝန်ကျယာဉ်ထိန်းရဲများမှာ ယာဉ်ကြောရှင်းလင်းရေး လုပ်ငန်းများကိုသာ အဓိကဆောင်ရွက်ရပြီး ယခု မေလ၁ရက်မှစကာ မီးပွိုင့်များတွင် ယာဉ်ထိန်းရဲ အင်အားများ တိုးမြှင့်ကာ စည်းကမ်းမဲ့မောင်းနှင်ခြင်းများကို မှတ်သားဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ယင်းသို့ ဖမ်းဆီးရာတွင် တာဝန်ကျယာဉ်ထိန်းများ၏ စွမ်းဆောင်ရည်ကို ကြည့်ပြီး ဆုပေးဒဏ်ပေး စနစ်များကိုလည်း ကျင့်သုံးသွားမည်ဟု ဒုတိယ ရဲမှူးကြီး ဦးလင်းထွဋ်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးပွိုင့်ပေါင်း ၁၇၀ခန့်ရှိပြီး ဖမ်းဆီးအရေးယူမှုများ စတင်သည့် မေလ ၁ရက်နေ့ တစ်ရက်တည်း၌ပင် ယာဉ်အစီးပေါင်း ၆၀၀ခန့်ကို ဖမ်းဆီးမှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ယာဉ်ထိန်းတပ်ဖွဲ့ရုံး၏ စာရင်းများအရ သိရသည်။
No comments:
Post a Comment