ဝင်းကိုကိုလတ်
၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်းပေါင်း ၄,၁၀၃ သန်းကျော် ၀င်ရောက်ခဲ့ပြီး အလုပ်အကိုင် ကိုးသောင်းကျော် ဖန်တီးပေးနိုင်ခဲ့သည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က “၂၀၁၃- ၂၀၁၄ မှာ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကနေ အလုပ်အကိုင်ပေါင်း ကိုးသောင်းကျော် ဖန် တီးပေးနိုင်ခဲ့ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအနက် လုပ်သားအင်အားသုံး (Labour Intensive Manufacturing) လုပ်ငန်းများကို ဦးစားပေးခွင့်ပြုခဲ့ပြီး နောက်ပိုင်းတွင်မူ အဆင့်မြင့်နည်း ပညာလုပ်ငန်းများကို ဦးစားပေး ခွင့်ပြုဖြစ်သည်။
ယခုနှစ် ထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ၄၅ ရာခိုင်နှုန်းခန့်၊ တယ်လီကွန်းကဏ္ဍမှ ၃၀ ရာခိုင်နှုန်း ခန့်၊ ဟိုတယ်လုပ်ငန်းတွင် ၁၀ရာခိုင်နှုန်းခန့် ၀င်ရောက်ခဲ့သည့်အတွက် အလုပ်အကိုင်ဖန်တီးမှုများကောင်း မွန်လာခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
၎င်းက “ နိုင်ငံရဲ့နိုင်ငံရေးအခြေအနေ ပြောင်းသွားတော့ ခရီးသွားလုပ်ငန်းက တက်လာတယ်။ အဲဒီတော့ ဟိုတယ်လုပ်ငန်းရင်းနှီးမှု တက်လာတယ်။ ဒါ့အပြင် စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု တက်လာတော့ အလုပ်အကိုင် ပိုဖန်တီးပေးနိုင်ပါတယ်” ဟု ဆိုသည်။
ထုတ်လုပ်မှုလုပ်ငန်းများတွင် သစ်ပါးလွှာစက်ရုံများ၊ သစ်အချောထည်စက်ရုံများ၊ အထည်ချုပ်စက်ရုံများ စသည်တို့ ၀င်ရောက်မှု များပြားလာသဖြင့် အောက်ချေပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုတိုးလာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၃၀၀ ခန့်၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁,၄၁၉ သန်းနှင့်၂၀၁၃- ၂၀၁၄ ခုနှစ်တွင်မူ အမေရိကန်ဒေါ်လာလေး ဘီလီယံကျော် ရရှိခဲ့ခြင်း ဖြစ်သည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ ကန်ဒေါ်လာသန်းပေါင်း ၄၆,၂၂၅ သန်းကျော် ရှိသည်။
ကဏ္ဍအလိုက်ဆိုပါက ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကန်ဒေါ်လာ သန်းပေါင်း ၁၃,၆၃၀၊ လျှပ်စစ် ကဏ္ဍတွင် ကန်ဒေါ်လာ သန်းပေါင်း ၁၃,၂၅၄၊ စက်မှုကဏ္ဍတွင် ကန်ဒေါ်လာသန်းပေါင်း ၂,၇၈၅ စသဖြင့် ရင်းနှီးမြှုပ်နှံထားကြသည်။
ပြည်ပရင်းနှီးမြှုပ်နှံမှုများအနက် တယ်လီကွန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်လာနိုင်ပြီး ကန်ဒေါ်လာ လေးဘီလီယံခန့် ဖြစ်နိုင်မည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
No comments:
Post a Comment