Friday, May 9, 2014

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ပန်ချီကားနှစ်ချပ် လေလံတင်ရောင်းချမည်

မျိုးသန့်

၂ဝ၁၄ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ခွပ်ဒေါင်းကြယ်ဖြူအလှပြယာဉ်၌ ချိတ်ဆွဲပြသခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ပုံတူ အခရိုင်းလစ် ( acrylic) ပန်ချီကားနှစ်ချပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မန္တလေးတိုင်းမှ လေလံတင် ရောင်းချမည်ဟု တိုင်းအတွင်းရေးမှူး ဦးတင်ကိုကိုက မေ ၈ရက်က မဇ္ဈိမကို ပြောသည်။

“တိုင်းဒီမိုရေစီအဖွဲ့ချုပ်ရန်ပုံငွေနဲ့ ဗဟိုရန်ပုံငွေအတွက် အသုံးပြုနိုင်အောင် ၁၃၇၅-၁၃၇၆ခုနှစ် မဟာ သင်္ကြန်ပွဲတော်မှာ ပထမဆုံးနဲ့ကြီးမားစွာ ခွပ်ဒေါင်းကြယ်ဖြူ အလှပြယာဉ်ထွက်ရှိခဲ့ပါတယ်။ အဲဒီမှာ ပြသခဲ့တဲ့ ပန်ချီကားနှစ်ချပ်ကို ရောင်းချတာဖြစ်ပါတယ်၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည် ခွင့်ပြုချက်လည်းရရှိပြီးပါပြီး၊ ဝယ်ယူသူကို အဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ရေးထိုး ထားတဲ့ ပန်းချီကားကို ရောင်းချပေးမှာဖြစ်ပါတယ် ” ဟု ဦးတင်ကိုကိုကပြောသည်။

ရောင်းချမည့်ပန်ချီကားမှာ သုံးပေ၊ လေးပေ ပန်းချီကားနှစ်ချပ်ဖြစ်ပြီး ပန်ချီဆရာကိုအောင်မင်းက ရေးဆွဲ ထားခြင်းဖြစ်သည်။ ရောင်းချရန်ရန်အတွက် မေ ၇ ရက် ညနေလေးနာရီမှ စတင်ကာ ဝယ်ယူလို သူများအနေဖြင့် တိုင်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်ဝယ်ယူနိုင်ပြီး မေ၁၈ရက် မတိုင်မီ ရောင်းချပေးမည်ဖြစ်သည်။

“ လေလံတင်ရောင်းချမှာဖြစ်ပေမယ့်၊ ကြမ်းခင်းဈေးကိုတော့ သတ်မှတ်မထားပါဘူး၊ ဒါပေမယ့် ပြည်သူ့ခေါင်းဆောင်ဖြစ်တဲ့သူ တစ်ယောက်ရဲ့ ပန်ချီကားဖြစ်သည်နှင့် အညီ မဖြစ်နိုင်တဲ့ဈေးနှုန်းမျိုးကိုတော့ မပေးစေလိုပါဘူး၊ ကျွန်တော်တို့အနေနဲ့ ဈေးနှုန်းသတ်မှတ်တဲ့ သဘောလိုမဟုတ်ဘဲ ပန်ချီကား တစ်ချပ်ကို ကျပ်သိန်းငါးဆယ် ဝန်းကျင်လောက်တော့ ဖြစ်စေချင်ပါတယ် ” ဟု အတွင်းရေးမှူးကဆိုသည်။

ထို့အပြင် ပန်ချီကားရောင်းချခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို ရောင်းချခြင်းကဲ့သို့သော ထင်မြင်ယူဆချက်များကို မထားစေလိုကြောင်း၊ ရောင်းချရခြင်းမှာ အဖွဲ့ချုပ်ရန်ပုံငွေ၊ တိုင်းအဖွဲ့ချုပ် ရန်ပုံငွေရရှိရေးအတွက်သာ အဓိကထားရောင်းချရန်စီစဉ်ခြင်းဖြစ်သည်။ ပန်းချီကားရောင်းချခြင်းနှင့် ပက်သက်ကာ မေ ၁၂ရက်နေ့တွင် တိုင်းဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သတင်းစာရှင်းလင်းပွဲတစ်ခုကို လုပ်ဆာင်သွားမည်ဖြစ်သည်။

ပန်ချီကားရောင်းချခြင်းအပြင် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် တိုင်းအတွင်း လူထုစည်းရုံးရေးများ၊ ပါတီတွင်း စည်းရုံးရေးများကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။

No comments: