Thursday, May 1, 2014

ပညာရေးမူကြမ်းကို နိုင်ငံတစ်ဝန်း ၀ိုင်းဝန်းကန့်ကွက်ရန် ပြင်ဆင်

ဇာနည်အောင်

အမျိုးသားပညာရေး ဥပဒေမူကြမ်းတွင် ပါရှိသည့် ပညာရေးရည်မှန်းချက်သည် ပညာသင်ကြားခွင့်ကို အ ဟန့်အတားဖြစ်စေပြီး ဗဟိုချုပ်ကိုင်မှုကို ဖော်ဆောင်နေသည့်အတွက် တက္ကသိုလ်ကျောင်းဖွင့်ချိန်တွင် တစ်ပြည်လုံး အတိုင်းအတဖြင့် ဟောပြောပွဲများ၊ ကန့်ကွက်ဆန္ဒကောက်ခံမှုများ ပြုလုပ်မည်ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဇေယျာလွင်က မဇ္ဈိမကို ပြောသည်။

ဥပဒေမူကြမ်းပါ “မြန်မာအမျိုးသား စရိုက်လက္ခဏာများကို အခြေခံ၍ အတွေးအခေါ် အယူအဆ မှန်ကန်သော နိုင်ငံသားကောင်း များ ဖြစ်ထွန်းစေရန် လေ့ကျင့်ပျိုးထောင်ပေးရန်”ဟူသည့် ပညာရေးရည်မှန်းချက် သည် လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ဟန့်တားပြီး ဗဟိုချုပ်ကိုင်မှုကို ဖော်ဆောင်နေသည်ဆိုကာ ကန့်ကွက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

“မြန်မာအမျိုးသားစရိုက်ဆိုတာက ဘာကိုဆိုလိုတာလဲ မေးချင်ပါတယ်။ ကျောင်းသားတိုင်း လွတ်လပ်စွာ ပညာသင်ကြားခွင့်ဆိုတာ ကို ပိတ်ပင်နေတာ ဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး ခိုင်းတဲ့အတိုင်း လုပ် ဆိုတဲ့ပုံစံမျိုး ဖြစ်နေပါတယ်”ဟု ကိုဇေယျာလွင်ကပြောသည်။

ပညာရေးဝန်ကြီးဌာနမှ ရေးဆွဲထားသည့် အမျိုးသားပညာရေးဥပဒေမူကြမ်းပါ ပြဋ္ဌာန်းချက်များသည် ကျောင်းသားများ ပညာသင်ကြားခွင့်ကို ဖိနှိပ်ထားသည့် ဥပဒေဖြစ်နေခြင်းနှင့် ဗဟိုချုပ်ကိုင်မှုသက်သက် ပြဋ္ဌာန်းထားချက်များဖြစ်နေသည့်အတွက် ကန့်ကွက်ကြောင်း ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင် ရာကွန်ရက် NNER အဖွဲ့ဝင် ဒေါက်တာစိုးဝင်းဦးက ပြောသည်။

“လွှတ်တော်က အတည်မဖြစ်ခင်မှာ ပြင်ဆင်နိုင်ဖို့အတွက် NNER အနေနဲ့လည်း လုပ်ဆောင်နေပါတယ်။ လွှတ်တော်တွင်းက ဒီမိုကရေစီအင်အားစုတွေနဲ့ အဖြေတစ်ခုထွက်အောင် ဆွေးနွေးဖို့တွေ ရှိပါတယ်" ဟု ပြောသည်။ အဆိုပါဥပဒေမူကြမ်းကို NNER သည် လွှတ်တော်ကိုယ်စားလှယ်များနှင့် မေလ ၁၈ရက်တွင် လည်း ဆွေးနွေးမည့်အပြင် ပညာရှင်များနှင့်လည်း တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်မည်ဟုလည်း သိရ သည်။

ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူကလည်း “အားလုံးလက်မခံ နိုင်တဲ့အချက်တွေ ကို ပြုပြင်ပေးဖို့ NNER နဲ့ ပူးပေါင်းပြီး ပယ်ဖျက်ပေးဖို့ လုပ်သွားမှာဖြစ်ပါတယ်”ဟု ပြော သည်။

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်ရေးကော်မတီနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူပေါင်းရေးဆွဲထား သည့် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပြန်လည် ပြင်ဆင်ရန် ကျောင်းပေါင်းစုံ တက္ကသိုလ်ကျောင်း သားသမဂ္ဂများဖြစ်သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မြန်မာနိုင်ငံ ရေကြောင်းတက္က- သိုလ်၊ ကွန်ပျူ တာတက္ကသိုလ်များတို့ ပူပေါင်း၍ ဥပဒေကြမ်းပါအချက်များ ကို ဆွေးနွေးပွဲများပြုလုပ်သွား မည်ဟု ဆိုသည်။

အမျိုးသားပညာရေးဥပဒေမူကြမ်းကို ပညာရေးဝန်ကြီးဌာနက NNER နှင့် လွှတ်တော်ပညာရေးကော်မတီ တို့ ရေးဆွဲခဲ့ကြပြီး လွှတ်တော်တွင် ပညာရေးဝန်ကြီးဌာန၏ မူကြမ်းကိုသာ တင်ပြဆွေးနွေးခဲ့ခြင်းကြောင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန်လည်း လိုအပ်နေသည်ဟု ဒေါက်တာစိုးဝင်းဦးက ဆိုသည်။

အမျိုးသားပညာရေးဥပဒေမူကြမ်းပါ အချက်များသည် ကျောင်းသားထု လက်မခံနိုင်သော လွတ်လပ်စွာ သင်ယူခွင့်၊ စီမံပိုင်ခွင့်ကို အဓိထား ပိတ်ပင်နေခြင်းဖြစ်၍ လက်မခံကြောင်း တက္ကသိုလ်ကျောင်းပေါင်းစုံ ပါဝင်သည့် ဆန္ဒပြပွဲကို မတ်လ ၃၀ ရက်တွင် ဦးထွန်းလင်းခြံလမ်းတွင် ပြုလုပ်ခဲ့ကြသေးသည်။

No comments: