Friday, May 2, 2014

အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ပြီး လူသတ် အလောင်းဖျောက်

ဇော်ဇော်ထွေး

တစ်ရွာတည်းသာချင်း အရက်အတူသောက်ရာမှ စကားများရန်ဖြစ်၍ လူသတ်အလောင်းဖျောက်မှု တစ်ခု တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီဟု ဧပြီ ၂၈ တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယင်း၏ ဖေ့ဘုတ်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ အမှုကို တောင်တွင်းကြီးမြို့နယ် ၀က်ကသေးရွာနေ ဒေါ်သေးသေး(ခ) မခါမီ (၅၈)နှစ်က အမှုဖွင့် တိုင်တန်းခြင်းဖြစ်သည်။

ဧပြီ ၂၆ ရက် ညနေ ၆ နာရီခွဲအချိန် အပြင်သွားရာမှ ပြန်ရောက်စဉ်တွင် ခင်ပွန်းဖြစ်သူ ဦးအောင်မြင့် (၅၇)နှစ်မှာ မတွေ့ရှိသဖြင့် တဲနီးချင်း ဦးမြင့်ဌေး၊ ဦးအောင်မင်းတို့အား အကူအညီတောင်းခံပြီး လိုက်လံ ရှာဖွေခဲ့သည်ဟု တရားလိုက ရဲထံထွက်ဆိုထားသည်။

ထိုအခါ တဲအနောက် ၅၃ပေခန့်အကွာ၊ အနက်လေးပေခွဲရှိ အိမ်သာကျင်းအသစ်ထဲတွင် ခင်ပွန်းဖြစ်သူ ဦးအောင်မြင့်မှာ ဇောက်ထိုးအနေအထားဖြင့် ပြုတ်ကျနေပြီး သဲနှင့်အင်ဖက်များ ဖုံးအုပ်လျက် ခြေနှစ် ချောင်း အပြင်ပေါ်နေသည်ဟုလည်း ရဲစစ်ချက်တွင် ဖော်ပြထားသည်။

ဆယ်ယူကြည့်ရှုရာတွင်လည်း ဦးအောင် မြင့်မှာ ယာနဖူးကွဲ၊ ယာမျက်လုံး/မျက်ခုံး ပေါက်ပြဲ၊ ဦးခေါင်း နောက်စေ့ ကြေမွဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ခင်ပွန်းအား သတ်သူကို စုံစမ်းဖော်ထုတ်ပေးရန် ဧပြီ ၂၇ ရက် နံနက် ၅ နာရီခွဲတွင် တိုင်တန်းသဖြင့် ကိုးပင်နယ်မြေ ရဲစခန်းက (ပ)၁၉/၂၀၁၄၊ လူသတ်မှုပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့် စုံ စမ်းခဲ့သည်။

ထို့နောက် ဧပြီ ၂၆ရက် နံနက် ၈နာရီ ၄၅ မိနစ်က သေဆုံးသူ ဦးအောင်မြင့်နှင့် တဲနီးချင်းနေ အောင်မင်း (ခ) အောင်ဇော်မင်း (၂၈)နှစ်တို့သည် အရက်အတူသောက်ရင်း စကားများရန်ဖြစ်ခဲ့သည်ဟု ဖော်ထုတ် သိရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ရန်ဖြစ်စဉ်တွင် အောင်ဇော်မင်းက အရှည်နှစ်တောင်ခန့်ရှိ ၀ါးတုတ်နှင့် ဦးခေါင်းအားရိုက်သဖြင့် ဦးအောင်မြင့်မှာ လဲကျသွားစဉ် ကျောက်ခဲဖြင့် ထုသတ်ပြီး အလောင်းဖျောက်ခဲ့ခြင်းဖြစ်သည်ကို ဖော်ထုတ်နိုင်ခဲ့ သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် အောင်မင်း(ခ)အောင်ဇော်မင်းကို ဧပြီ ၂၇ ရက်ညနေ ၃ နာရီ တွင် ဖမ်းဆီးလိုက်ပြီး လူသတ်မှုဖြင့် တရားစွဲတင်ရန် ဆက်လက်ဆောင်ရွက် နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments: