စည်သူမောင်မောင်
ဧရာဝတီတိုင်း၊ အိမ်မဲမြို့တွင် ဘိုးဘွားပိုင်မြေများကို မူလပိုင်ရှင်များထံ ပြန်ပေးရန်နှင့် ထိုမြေရာပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသည့် ဆိုင်ခန်းများကို ဖယ်ရှားပေးရန် ဆန္ဒဖော်ထုတ်ပွဲကို မူလပိုင်ရှင် ၅၀ကျော်က မေလ၅ရက် နံနက်၉နာရီမှ ၁၀နရီခွဲအထိ အိမ်မဲမြို့ ကမ်းနားလမ်းမှ စတင်၍ မြို့ထဲလှည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။
“စစ်အစိုးရလက်ထက်တုန်းက မြို့ တော်သာယာလှပရေး စီမံချက်နဲ့ သိမ်းဆည်းခံရတာ၊ ကျွန်မတို့  ၁၁၁ဦးပိုင်တဲ့ မြေကို မြေယာစုံစမ်းစစ်ဆေးရေးကော်မတီ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ပေးဖို့ ဆန္ဒဖော်ထုတ်တာပါ၊ အခုထိလည်း မြေစာရင်းမှာ ကျွန်မတို့ ပိုင်ရှင်တွေ နာမည်ပေါက်နေတုန်းပါ၊ မြေကိုပြန်ပေးမယ် ဆိုလည်းပေး၊ မပေးရင်လည်း မြေပေါ်ကျူးကျော်သူ မှန်သမျှကို ဖယ်ရှားပေး၊ ကျွန်မတို့ ဘိုးဘွားပိုင်တုန်းကတောင် ဖယ်ရှားပြီးအခုလည်းဖယ်ရှားပေး”ဟု မူလမြေပိုင်ရှင် ဒေါ်စီစီအောင်က မီဒီယာများကို ပြောသည်။
အိမ်မဲမြို့ရှိ အိမ်မဲဈေးရှေ့ ကမ်းနားတန်းရှိ မူလမြေပိုင်ရှင် ၁၁၁ဦးပိုင် မြေပေါ်တွင် ကျူးကျော် ပျံကျဈေးဆိုင် ၁၀၀ကျော် ဆောက်လုပ်ထားသည်။ ထိုဆိုင်များကို အမြန်ဆုံး ဖျက်သိမ်းပေးရန် ပြီးခဲ့သည့် မတ်လ ၂၉ရက်က မြို့နယ် စည်ပင်သာယာရေးက စာထုတ်ထားပြီး ဖြစ်သော်လည်း ဖယ်ရှားခြင်း မရှိသေးဟု မူလပိုင်ရှင် ဦးသန်းလှိုင်က မဇ္ဈိမကို ပြောသည်။
“ဈေး(၂)ဆောက်ပြီးမှ ဖယ်ရှားပေးမယ်ဆိုလို့ အဓိကထားပြီး ဆန္ဒဖော်ထုတ်ရတာ၊ မြေယာစုံစမ်းစစ်ဆေးရေးကော်မတီ ဆုံးဖြတ်ချက်အတိုင်း လုပ်ပေးပါ”ဟု ဦးသန်းလှိုင်က ပြောသည်။
ဆန္ဒထုတ်ဖော်သည့် အိမ်မဲမြို့မှ ဘိုးဘွားပိုင် မူလမြေရှင်များသည် "တရားဥပဒေစိုးမိုးရေး ဒို့အရေး" "ဘိုးဘွားပိုင်မြေများပေါ်မှ ကျူးကျော်နေသူများ အမြန် ဖယ်ရှားပေးရေး ဒို့အရေး" စသည့် ကြွေးကြော်သံများ၊ လက်ကိုင်ဆိုင်းဘုတ်များ ကိုင်၍ တရားဝင်စာတင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းမြေများကို ၁၉၉၂ခုနှစ် မြို့ တော်သာယာလှပရေးစီမံချက်ဖြင့် အိမ်မဲဈေးရှေ့ ကမ်းနားတန်းရှိ အိမ်များကို မိမိအစီအစဉ်ဖြင့် ဖျက်သိမ်းပေးခဲ့ရပြီး ဖျက်သိမ်းခံရသည့် မြေနေရာတွင် ပျံကျဈေးသည်များ လာရောက်ရောင်းချခဲ့ပြီး ဆိုင်ခန်းများဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment