ဖနိဒါ
ရှစ်လေးလုံးငွေရတုတွင် ချမှတ်ထားသော ဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၈၈ မျိုးဆက် ငွေရတုဆုံးဖြတ်ချက် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ ခေါင်းဆောင်များက ထိုင်းနိုင်ငံ၊ မဲဆောက်မြိုတွင် ဧပြီ ၂၉ ရက် တွေ့ဆုံခဲ့သည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။
ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ နှင့် ၁၂ ရက်နေ့များတွင် ရန်ကုန်မြို့တွင် ကျင်းပသော ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန်အတွက် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“အဓိကတော့ ၈ လေးလုံးငွေရတုကြေငြာချက်တွေနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေနဲ့ ထပ်တူ သဘောထားရှိတယ်ဆိုတဲ့ အကြောင်းအကြောင်းကို နှစ်ဖက်စလုံး ဆွေးနွေးဖြစ်တယ်။ ဒီမှာလက်ရှိ အပစ်အခတ် ရပ်စဲရေးဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း ဆွေးနွေးဖြစ်တယ်” ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးက မဇ္စျိမကို ပြောသည်။
ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များဖြစ်သည့် “ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆော်က်ရန်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေးနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသားအင်အားစု အားလုံးပါဝင်သည့် ပြည်ထောင်စု ညီလာခံ ခေါ်ယူကျင်းပရေး” ဟူသော အချက် ၃ ချက်ကို ဆွေးနွေးခဲ့ရာ တိုင်းရင်းသား တပ်ပေါင်းစုကလည်း ထပ်တူ သဘောထားရှိသည်ဟု ကိုမြအေးက ဆိုသည်။
ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက် အကောင်အထည်ဖော်ရေး ကော်မတီက ၎င်းတို့ ဆုံးဖြတ်ချက်များကို ရှင်းပြခဲ့သလို၊ တိုင်းရင်းသား အဖွဲ့အစည်းများကလည်း ပြန်လည် ဆွေးနွေးခဲ့ကြသည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ NLD-LA မှ ဗဟိုအလုပ်အမှုဆောင် တွဲဘက်အတွင်းရေးမှူး ၂၊ မဟာမိတ်ဆက်ဆံရေး တာဝန်ခံ ရဲဘော်ထွန်းအောင်ကျော်က ပြောသည်။
“တိုင်းသားတွေဘက်ကလည်း ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့လုပ်ငန်းစဉ်တွေ အပစ်အခတ် ရပ်စဲဖို့ နိုင်ငံရေးဆွေးနွေးဖို့ဆိုတဲ့ လုပ်ငန်းစဉ်တွေကို တိုင်းရင်းသားတွေဘက်က ပြန်ဆွေးနွေးကြတယ်။ ပြီးတော့ နိုင်ငံရေးသဘော ရှေ့လုပ်ငန်းစဉ် ၃ ရပ်နဲ့ လက်တွေ့လုပ်ငန်းစဉ်ဆိုင်ရာ ၃ ခု ခုချမှတ်ကြတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
တွေ့ဆုံပွဲတွင် တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တွဲဘက်အတွင်းရေးမှူး ၂ ပဒိုမန်းမန်း၊ ဗိုလ်ချုပ်ကြီး အားစီ၊ ဒေါက်တာ နိုင်ဝင်း၊ DKBA မှစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၊ ALP မှ ဦးခိုင်စိုးနိုင်၊၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွမ်မြောက်နယ်မြေ) NLD-LA မှ ဦးမြင့်သိန်း၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) UNLD-LA မှ ခွန်မာန်းကိုဘန်းတို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment