ယုဝေ
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် စာသားများပါဝင်သည့် စတစ်ကာများ လိုက်လံဝေငှမည့် စတစ်ကာ ကမ်ပိန်းတစ်ခုကို မြို့နယ် ၁၄ဝ တွင် မေ ၃ဝ ရက် နံနက် ၈ နာရီခန့်၌ တစ်ပြိုင်နက် ပြုလုပ်မည်ဟု အဆိုပါကမ့်ပိန်း၏ ပြောရေးဆိုခွင့်ရှိသူ ကိုဝေဖြိုးအောင်က မဇ္ဈိမကို ပြောသည်။
စတစ်ကာပါ စာသားများမှာ "အောင်ဆန်းသွေးကို ဒို့ယုံကြည်"၊ "အောင်ဆန်းမသေဘူး"၊ "အောင်ဆန်းတွေ့ချင်ရင် အောင်ဆန်းစုကြည်ကိုကြည့်" တို့ဖြစ်သည်။ စတစ်ကာများကို ၂ လက်မ၊ ၄ လက်မ ဆိုဒ်များ ပြုလုပ်ကာ ဝေငှသွားမည် ဖြစ်သည်။
“ပါတီ အစုအဖွဲ့ပုံစံမျိုးနဲ့ လုပ်တာမဟုတ်ပါဘူး၊ အွန်လိုင်းကနေ ဆိုဒ်တစ်ခုထောင်ပြီး စိတ်ပါဝင်စားတဲ့သူတွေ စုဝေးပြီး ဒီကမ်ပိန်းကို ပြုလုပ်ကြတာပါ၊ ပြက္ခဒိန်နဲ့ A3 ဆိုဒ် ဝေါ်ရှိတွေလည်း လုပ်ထားပါသေးတယ်၊ ဆိုင်တွေမှာ ကပ်လို့ရအောင်ပါ”ဟု ကိုဝေဖြိုးအောင်က ဆက်လက် ပြောကြားသည်။
စတစ်ကာကမ်ပိန်း ပြုလုပ်နိုင်ရန် ၂ဝ၁၄ ခုနှစ်၊ ဧပြီလ ဒုတိယပတ်ခန့်က စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူများ အနေဖြင့် ကမ်ပိန်းပြုလုပ်မည့် မေ ၃ဝ ရက်တွင် လာရောက်ပူပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ကမ်ပိန်းကို စိတ်ပါဝင်စားသူများ လှုဒါန်းသည့် ရန်ပုံငွေသိန်း ၄ဝ ဖြင့် ပြုလုပ်သွားမည်ဟု ဆိုသည်။
“ကျွန်တော်တို့ ဒီကမ်ပိန်းဆိုဒ်ကို စထောင်ရာမှာ ပါဝင်တဲ့သူတွေလည်း တစ်ယောက်ကို ငါးသိန်းဆီ ဆိုက်ထုတ်ထားပါတယ်။ အွန်လိုင်းမိသားစုကနေ ဒီကမ့်ပိန်းကို ပြုလုပ်တယ်လို့ပြောရင်လည်း ရပါတယ် ”ဟု ကိုဝေဖြိုးအောင်က ဆက်လက်ပြောကြားသည်။
စတစ်ကာကမ်ပိန်းကို ၂ဝဝ၈ ဖွဲ့စည်းပုံခြေခံဥပဒေ ပြင်ဆင်နိုင်ရေး၊ ပြည်သူရွေးချယ်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာရေး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်ခြင်း၊ စီတန်းလှည့်လည်ခြင်း မပြုလုပ်သည့်အတွက် သတ်ဆိုင်ရာဌာနများသို့ ခွင့်ပြုမိန့်တောင်းခံခြင်း မရှိသော်လည်း စတစ်ကာကမ့်ပိန်းကို ပိတ်ပင်နိုင်ချေရှိသည့် မြို့နယ်များတွင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှုးများထံသို့ အကြောင်းကြားစာပေးပို့ရန် လှုံဆော်ထားသည်ဟုလည်း ကိုဝေဖြိုးအောင်က ဆိုသည်။
No comments:
Post a Comment