ကြယ်ပြာ၊ စုမြတ်ဝေ
အစိုးရစစ်တပ်၏ ဖမ်းဆီးခြင်းခံထားရသော ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မန်ဝိုင်းကြီးကျေးရွာအနီး လဂတ်ယန် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၁၄ဦးကို လွှတ်ပေးခဲ့ပြီး တစ်ဦးကို ပြန်လည်ဖမ်းဆီးခဲ့ရာ မေ ၅ ရက် ညနေပိုင်း အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးဟု ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၏ အကြီးတန်းအရာရှိ ဦးလမိုင်ဂွမ်ဂျာက မဇ်္ဈိမကို မေလ ၅ရက်တွင် ပြောသည်။
မေလ ၃ရက် ညနေ ၄ နာရီကျော်တွင် အဆိုပါ လူ ၁၄ ဦးကို ခမရ ၈၈မှ တပ်ရင်းမှူးကိုယ်တိုင် လဂတ်ယန် ဒုက်္ခသည်စခန်းသို့ လာရောက်၍ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး မေလ ၄ရက် ၃နာရီခွဲခန့် တွင် ပြန်လည် လွှတ်ပေးခဲ့ကာ လွတ်မြောက်လာသူများထဲမှ တစ်ဦးကို ယင်းနေ့ ညနေ ၆နာရီခွဲကျော်တွင် ပြန်လည် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
ဦးလမိုင်ဂွမ်ဂျာက “၁၄ယောက်လုံး ပြန်လွှတ်ပေးပြီး တစ်ယောက်ကို ပြန်ဖမ်းသွားတယ်ဆိုတာကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အကြောင်းကြားထားပြီးပါပြီ” ဟု ပြောသည်။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချူပ်(ကချင်ပြည်နယ်)မှ အထက်တန်း အရာရှိတစ်ဦးကို မဇ်္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ကဖမ်းဆီးခံ ထားရသော ဒုက္ခသည်များအရေးကို စစ်ဌာနချုပ်ထံ သတင်းမေးမြန်းခြင်း ရှိခဲ့သော်လည်း အစိုးရစစ်တပ်မှ ဖမ်းဆီးခဲ့ခြင်းမရှိဟု မေလ ၅ ရက်က ငြင်းဆိုသည်။
လွတ်မြောက်လာသော ဒုက္ခသည်များနှင့် သွားရောက် တွေ့ဆုံခဲ့သော မန်ဝိုင်းကြီးရွာ ကက်သလစ် ဘုရား ကျောင်း ရွှေ့ပြောင်းဒုက္ခသည်များ စခန်း၏ တာဝန်ခံ ဦးနော်အောင်က ဒုက္ခသည်များ အဖမ်းခံရခြင်းသည် ဒုက္ခသည်စခန်းတွင် နေထိုင်သူများ စာရင်းကို စစ်တပ်က ကောက်ယူရာတွင် စာရင်းမရှိသူများဖြစ်ခြင်း ကြောင့် ဟု မဇ်္ဈိမကို ပြောသည်။
“စာရင်းမပါလို့ ဖမ်းတာလို့ပြောတယ်။ နှိပ်စက်ညှဉ်းပန်းတာမျိုးတော့ မလုပ်ပါဘူး။ တစ်ယောက်ကို ပြန်ဖမ်း သွားတာက ဘာကြောင့်လဲတော့ မသိရသေးပါဘူး။ ဒီလိုမျိုး စာရင်းမပါလို့ဆိုပြီး ဖမ်းတာက ပထမဆုံး ဖြစ်စဉ်ဆိုတော့ ဒုက္ခသည်တွေ အားလုံးက ထိတ်လန့်ကြောက်ရွံ့နေကြတယ်”ဟု ဆိုသည်။
မန်ဝိုင်းကြီးကျေးရွာအနီးတွင် ဒုက္ခသည်စခန်း လေးခုရှိသော်လည်း လဂတ်ယန် ဒုက္ခသည်စခန်း တစ်ခုကိုသာလျှင် စစ်တပ်က လူဦးရေစာရင်း ကောက်ယူခြင်း ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းများကို ပြုလုပ် နေခြင်းဖြစ်ပြီး ဒုက္ခသည်များကို ကူညီပေးသော အဖွဲ့အစည်းများအနေဖြင့်လည် အဆိုပါစခန်းသို့ လတ် တလော သွားရောက်နိုင်ခြင်း မရှိသေးဘဲ မန်ဝိုင်းကြီး ရွာမှ ရပ်မိရပ်ဖ တာဝန်ရှိသူများသာ သွားရောက် ကြည့်ရှုနေသည်ဟု ဦးနော်အောင်က ပြောသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် အစိုးရစစ်တပ်တို့ ပြီးခဲ့သော ဧပြီလ ၁၀ရက်မှ ၁၈ ရက်ခန့်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ ထွက်ပြေးခဲ့ရာတွင် လဂတ်ယန် ဒုက္ခသည် စခန်းမှလူများလည်း ပါဝင်ခဲ့သည်။
တိုက်ပွဲအရှိန်လျော့ကျလာပြီးနောက်ဒုက္ခသည်များစခန်းသို့ ပြန်လည်ဝင်ရောက်လာရာတွင် စစ်တပ်၏ နေရပ်ပြန်ရန် ဖိအားပေးခြင်းကို ရင်ဆိုင်ရသည်ဟု ကချင်ဒုက္ခသည်များကို အကူညီပေးနေသော မေတ္တာဖောင်ဒေးရှင်းစီမံကိန်း ညှိနှိုင်းရေးမှူး ကိုဂွမ်ရှာအောင်က မဇ်္ဈိမကို ပြောဆိုထားသည်။
ထို့ပြင် တိုးပွားလာသော ဒုက္ခသည်များကို နေရာချပေးရန် မြေနေရာ၊ တဲများ မလုံလောက်ခြင်းတို့ကို ရင်ဆိုင်နေရသည်ဟု ၎င်းက ပြောဆိုထားသည်။
No comments:
Post a Comment