ရွှေရည်ဝင်းထက်
ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ အပြီးရေးဆွဲနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်တိုင်း ရွေးကောက်ပွဲအောင်နိုင်ရေး စီမံချက်မူကြမ်းရေးဆွဲပြီးဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသာဝင်းက မေ ၆ ရက်တွင် မဇ္ဈိမကိုပြောသည်။
“ရွေးကောက်ပွဲအောင်နိုင်ရေးစီမံချက်အတွက် ရေးဆွဲထားတာမူကြမ်းကတော့ ပြီးသွားပါပြီ။ မူကြမ်းပြီး သွားပေမယ့် အထက်လူကြီးရဲ့ အတည်ပြုချက်တွေရယူပြီးမှ အတည်ပြုပေးလို့ရမှာပါ။ မူကြမ်းထဲမှာ ဘာ တွေပါဝင်သလဲဆိုတာကလည်း အခုလက်ရှိမှာ ပြောလို့ မရသေးပါဘူး” ဟု ပြောသည်။
အဆိုပါ ရွေးကောက်ပွဲအောင်နိုင်ရေး စီမံချက်ကို ၂၀၁၄ ခုနှစ် ဧပြီလ ၁၈ ရက်မှ စတင်ရေးဆွဲခဲ့ခြင်းဖြစ် သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ပေါ့လျော့မိခဲ့သည့်အတွက် လာမည့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြိုင်ဘက်ပါတီများအပေါ် ပေါ့လျော့ခဲ့သည့် အားနည်းချက်မျိုးမဖြစ်စေရန် စီမံ ချက်တွင် အဓိကထား ထည့်သွင်းရေးဆွဲ ထားသည်ဟု ဦးသာဝင်းက ဆိုထားသည်။
ရေးဆွဲပြီးသော ရွေးကောက်ပွဲအောင်နိုင်ရေးစီမံချက်မူကြမ်းကို ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့က အတည်ပြုပြီးလျှင်လည်း ရွေးကောက်ပွဲစည်းရုံးရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ဦးမည်မဟုတ်ဟု ၎င်းက ဆိုသည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်အချိန်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ကြေညာပြီးမှသာ အဆိုပါစီမံချက်ပါအတိုင်း စည်းရုံးရေးလုပ်ငန်းများ စတင်အကောင်အထည် ဖော်သွားမည်ဟုဆိုသည်။
လစ်လပ်နေသည့် ၃၁ နေရာအတွက် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲလုပ်ရန် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တရားဝင်ပြောဆိုပြီးဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီသည် ယင်း ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာအားလုံး၌ နေရာပြည့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရေးဆွဲ နေသည့် ရွေးကောက်ပွဲအောင်နိုင်ရေး စီမံချက်ကို ရန်ကုန်တိုင်းအတွင်းရှိ လစ်လပ်နေရာ ငါးနေရာဖြစ် သော တောင်ဒဂုံ၊ ပန်းဘဲတန်း၊ လသာ၊ အင်းစိန်နှင့် အမျိုးသား လွှတ်တော်မဲဆန္ဒနယ် အမှတ်(၆)တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
တပ်မတော်ခေါင်းဆောင်ဟောင်းများ ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီသည် ဒီမိုကရေစီ အသွင်ကူးပြောင်း ရေး ကာလအစ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အများစုအနိုင်ရပြီး အာဏာရပါတီ အဖြစ်ရပ်တည်နေ သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်သည့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ၄၅ နေရာစလုံး ၀င်ပြိုင်သော်လည်း တစ်နေရာမှ အနိုင်ရခဲ့ခြင်းမရှိပေ။
No comments:
Post a Comment