ရေခဲ(ပြည်)
မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်းရှိ စကြီးကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးကို ဖြုတ်ချပေးရန်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းက ဦးဆောင်၍ ဆရာတော်တစ်ပါး အပါအဝင် ရွာသူ၊ ရွာသား ၁ဝဝကျော်တို့က ဧပြီ ၃ဝ ရက်က လမ်းလျှောက် ဆန္ဒထုတ်ဖော်လိုက်သည်။
“ရပ်ရွာပေါ်မှာ လူလည်လုပ်တယ်။ အာဏာပြတယ်။ တရားဟော ဘုန်းကြီးကို တရားမဟောဖို့ ပိတ်ပင်တယ်။ ကထိန်ပွဲအတွက် အလှူခံတာကိုလည်း ထောင်ချပစ်မယ် ပြောတယ်။ ဘုန်းကြီးကို ဘုန်းကြီးကျောင်းက နှင်ထုတ်တယ်။ အုပ်ချုပ်ရေးမှူးကို ချက်ချင်းဖြုတ်ပေးဖို့ဆန္ဒပြတာပါ”ဟု ဦးညီလေးငယ်က ဆိုသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်ဦးဖိုးသီသည် တန်ဘိုးနည်း ဖုန်းမဲပေါက်သူများကို တစ်ဦးလျှင် (၆၅ဝဝ)ကျပ်တောင်းခံခြင်း ၊ ဝက်တစ်ကောင်သတ် အသားဖော်ရောင်းလျှင် ကျပ် ၈ဝဝဝတောင်းခြင်း၊ စိုက်ပျိုးစရိတ် ချေးငွေထုတ်ယူရာတွင် လယ်ယာမြေ အမှန်တကယ် ပိုင်ဆိုင်သူများကို ထောက်ခံမပေးခြင်း စသည့်ပြစ်ချက်များ ရှိသည်ဟု ၎င်းက စွတ်စွဲပြောဆိုသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ဦးဖိုးသီ၏ ပြစ်ချက်များကို ကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဆရာတော်နှစ်ပါး အပါအဝင် ကျေးရွာသူ ရွာသား ၂၃၄ ဦး လက်မှတ်ထိုးကာ မကွေးတိုင်းဝန်ကြီးချုပ်ထံ တိုင်တန်းခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ဟုလည်း
ဒေသခံများကပြောသည်။
ဆန္ဒဖော်ထုတ်ရန် စတင်စုဝေးချိန်တွင် အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်ဇော် နှင့် အောင်လံမြို့နယ် အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းတို့ ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက တားမြစ်သော်လည်း ခွင့်ပြုချက်မရှိ ဆန္ဒထုတ်ဖော်ခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
အောင်လံမြို့နယ် စကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးသီကို တာဝန်မှဖယ်ရှားပေးရေး ယခင် အုပ်ချုပ်ရေးမှူးဟောင်း ဦးညီလေးငယ် ဦးဆောင်ကာ ဧပြီ ၂၅ ရက်က ခွင့်ပြုမိန့်တောင်းခံခဲ့သော်လည်း ယာဉ်လမ်းကြောင်း ပိတ်ဆို့နိုင်ခြင်း ၊ ကျေးရွာသူ/သား အချင်းချင်း စိတ်ဝမ်းကွဲနိုင်ခြင်း၊ အုပ်ချုပ်ရေးမှူးအသစ် လဲလှယ်ရေးကိစ္စကို တိုင်းအစိုးရအဖွဲ့သို့တင်ပြနိုင်ခြင်းတို့ကို အကြောင်းပြကာ ဧပြီလ ၂၈ ရက်က ငြင်းပယ်ခဲ့သည်ဟု အုပ်ချုပ်ရေးမှူးဟောင်းကပြောသည်။
ထိုသို့ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်ခြင်းကို အောင်လံမြို့မစခန်းမှူး ဒုရဲမှူးခင်မောင်ဇော်က“ အထက်လူကြီးတွေရဲ့ ညွှန်ကြားချက် အမိန့်အတိုင်း ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်မှာပါ” ဟုပြောသည်။
လက်ရှိ အုပ်ချုပ်ရေးမှူး ဦးဖိုးသီသည် ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခင်အုပ်ချုပ်ရေးမှူးဟောင်း ဦးညီငယ်လေးသည် ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၂ခုနှစ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည်။
No comments:
Post a Comment