နန်းလွင်နှင်းပွင့်
၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုပြီးနောက် မြန်မာနိုင်ငံမှထွက်ခွာကာ ပြည်ပနိုင်ငံများတွင် ခိုလှုံနေကြပြီး ပြည်ပနိုင်ငံသား အဖြစ် ခံယူခြင်းမပြုထားသည့် မြန်မာ နိုင်ငံသားများ ပြည်တွင်းသို့ ပြန်လာနိုင် ရန်နှင့် အလည်အပတ်သဘောမျိုး လည်ပတ်နိုင်ရန်၊ ၀င်ခွင့်ရရှိစေရန်အတွက် ဥရောပသမဂ္ဂနှင့် ၈၈ မျိုးဆက်တို့ မေ ၅ ရက်က ဆွေးနွေးခဲ့သည်ဟု ၈၈ မျိုးဆက် မှ ပြန်ကြားရေးတာဝန်ခံကိုအံ့ဘွယ် ကျော်က မဇ္ဈိမကို ပြောသည်။
မေလ ၅ ရက် မနက် ၁၀ နာရီခန့်တွင် ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအရုံးတွင် ဥရောပသမဂ်္ဂ သံအမတ်ကြီးနှင့်အဖွဲ့နှင့် ၈၈ မျိုးဆက်တို့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး ဥရောပသမဂ္ဂအဖွဲ့က ကူညီမည်ဟု နှုတ်ကတိရရှိခဲ့သည်ဟုလည်း ကိုအံ့ဘွယ်ကျော်က ဆိုသည်။
“ဆွေးနွေးပြီးတော့ အကြောင်းပြန်လာတယ်၊ သူတို့ကူညီမယ်ဆိုတာကို၊ အဲဒီ တော့ ၈၈ ဘက်ကနေ ဘယ်သူတွေက မြန်မာနိုင်ငံကို ပြန်လာချင်လဲဆိုတာကို စာရင်းလုပ်ပေးမယ်၊ ပြီးတော့ ဥရောပ သမဂ္ဂကိုပို့ ပေးပြီး ကူညီမယ်”ဟု ၎င်းက ပြောသည်။
ပြည်ပသို့ ရောက်ရှိသွားသူများမှာ နယ်စပ်တွင် ကုလသမဂ္ဂ အသိအမှတ်ပြု ကတ်ပြားဖြင့် ဒုက္ခသည်အဖြစ် ခိုလှုံကာ အချို့မှာ တတိယနိုင်ငံတွင် ပြည်ပနိုင်ငံ သားအဖြစ် ခိုလှုံကြသူများ ရှိသည်။ အချို့မှာ မြန်မာနိုင်ငံ သားအဖြစ်ပင် ဆက်လက်ရှိနေလိုသဖြင့် ဒုက်္ခသည်အဖြစ်သာ ခိုလှုံ နေပြီး မြန်မာနိုင်ငံသို့ သွားလာခွင့်မရ ဟု ကိုအံ့ဘွယ်ကျော်က ဆိုသည်။
ကိုအံ့ဘွယ်ကျော်က “သူတို့တွေကို UN က သတ်မှတ်ထားတာက မြန်မာက သူတို့အတွက် အန္တရာယ်ရှိတယ်၊ ပြန်မသွားရနေရာ သတ်မှတ်ထားတယ်၊ ဒီတော့ အလည်တောင် ပြန်လာလို့မရဘူး၊ သူတို့က ခရီးသွားမယ်ဆိုရင် ခရီးသွားစာအုပ် (Travelling Document)နဲ့ သွားရတယ်၊ အခြားနိုင်ငံသားအဖြစ် မခံယူထားတော့ ပတ်စ်ပို့လည်း မရှိဘူး”ဟု ပြောသည်။
ဆွေးနွေးမှုတွင် အခြေခံလူတန်းစား များ၏ ဘ၀မြှင့်တင်ရေး၊ အလုပ်အကိုင် ရရှိရေး ပြည်ပနိုင်ငံသားအဖြစ်ကို မခံယူဘဲ ဧည့်နိုင်ငံသား အဖြစ် နေထိုင်နေသူများအား မြန်မာနိုင်ငံသို့ အလည်အပတ်သဘော လေ့လာခွင့်ပေးရန် ဆွေးနွေးခဲ့ ကြသည်ဟုလည်း ကိုအံ့ဘွယ်ကျော်က ဆိုသည်။
၎င်းဆွေးနွေးပွဲတွင် ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂသံရုံးမှ နိုင်ငံရေး အကြံပေးအရာရှိ၊ နိုင်ငံရေးနှင့် ပြန်ကြားရေးဌာန၏ ဌာနမှူး နှင့် ၈၈မျိုးဆက်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီးနှင့် ကိုဂျင်မီတို့ တွေ့ဆုံခဲ့ ကြသည်။
မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကိုလည်း ၂၀၁၅ ခုနှစ်အထိ ကူညီပေးနိုင်ရန် ဥရောပသမဂ္ဂ နိုင်ငံခြားရေး ကောင်စီက ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် မူဘောင်များ ချမှတ်ထားသည်။ အစိုးရနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံသည့် အဓိက ကဏ္ဍများမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုး တိုးတတ်ရေး၊ ကုန်သွယ်ရေးတို့ဖြစ်ပြီး နိုင်ငံတကာအသိုင်း အ၀ိုင်းတွင် ထိတွေ့နိုင်ရန်လည်း ကူညီမှု များပေးသည်။
No comments:
Post a Comment