ABC
တစ်နိုင်ငံလုံး အတိုင်းတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် ထွက်ရှိလာဖို့နဲ့ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်း ကောက်ယူနေတဲ့ တစ်ချိန်တည်းမှာဘဲ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ဒုက္ခသည်စခန်းတွေမှာ လူဦးရေ ထပ်မံတိုးပွားလာတယ်လို့ လူမှု့ကယ်ဆယ်ရေး အဖွဲအစည်းတစ်ခုဖြစ်တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ယက်က ထုတ်ပြန်လိုက်ပါတယ်။
သန်းခေါင်စာရင်း ကောက်ယူနေတဲ့ အချိန်ကနေ ကနေ့အချိန်ထိ သုံးပတ်တာကာလအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၄ နဲ့ ပလောင်လွတ်မြောက်ရေးတပ်ဦး PSLO/TNLA တို့ တည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်နဲ့ ကချင်နယ်စပ် တစ်လျောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
သုံးပတ်တာ ကာလအတွင်း ဒုက္ခသည် ၅၀၀၀ လောက်ဟာ တရုတ်ပြည်ထဲမှာ ရှိတဲ့ IDP စခန်းတွေထိ ထပ်မံ ရောက်ရှိလာတယ်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်က မခွန်ဂျာက အခုလိုပြောပါတယ်။
“အခုနောက်ဆုံးအကြိမ် တိုက်တာက ကျတော့ သန်းခေါင်စာရင်းကို အကြောင်းပြပြီး တိုက်သွားတာ ဖြစ်တယ်။ သန်းခေါင်စာရင်းအတွက် လုံခြုံရေးပေးတယ်ဆိုပြီး ဝင်တိုက်တာဖြစ်တယ်။ သန်းခေါင်စာရင်းနဲ့ ပက်သက်ပြီး စပြီးတိုက်တဲ့ သုံးပါတ်ကာလအတွင်းမှာ လူဦးရေ ၅ ထောင်လောက် နောက်ထပ်အိုးအိမ်တွေကို ပစ်ပြီးတော့မှ တရုတ်ပြည်ထဲထိကို ရောက်လာတာဖြစ်တယ်။ မူလရှိနေတဲ့ ကန့်တွေကို ဖျတ်ဆီးပြီးတော့မှ လူထုတွေကို ပြန်ပြီးမှ နောက်တစ်ခါ ထပ်ပြေးခိုင်းတာဖြစ်တယ်ရှင့်။”
အခုချိန်ထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲဒေသ ၅ ခု ဆက်တိုက် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
စစ်ပွဲဖြစ်ပွားလာတာဟာ ၂ နှစ်ကျော်ကာလဖြစ်လာတဲ့အတွက် အရင်ဒုက္ခသည်တွေအတွက် တဲတွေ ပြန်လည် ပြုပြင်ဖို့နဲ့ တိုးပွားလာတဲ့ ဒုက္ခသည်တွေအတွက် တဲတွေ လုံလောက်စွာ ရှိလာဖို့ အဓိကလိုအပ်နေတယ်လို့ မခွန်ဂျာက ပြောတဲ့အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ထားပါတယ်။
No comments:
Post a Comment