လပြည့်ဝန်း
လွန်ခဲ့သည့် လေးလခန့်အကြာက စတင်တူးဖော်တွေ့ရှိသည့် ချင်းပြည်နယ် မြွေတောင်၊ ဖားတောင်ထွက် အလှဆင်ရောင်စုံကျောက်ဟု ယူဆရသော တွင်းထွက်များကို တရားမ၀င်တူးဖော်မှု ပိုမိုများပြားလာ ကြောင်း ချင်းတောင်ဒေသ သဘာဝသယံဇာတ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ကိုထားတွမ်က ပြောသည်။
သစ်ပင်များခုတ်လှဲကာ ကျောက်တူးဖော်မှုများရှိနေပြီး သဘာဝသယံဇာတများကို အတားအဆီးမရှိ ထုတ်ယူသုံးစွဲလာသည့်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများရှိလာသည်ဟု ဆိုသည်။
“လက်ရှိမှာ မြွေတောင်၊ ဖားတောင်ကထွက်တဲ့ ဘယ်ကျောက်မဆို ဈေးကွက်ထဲမှာ ရောင်းလို့ရနေတာဆိုတော့ ဒေသခံတွေက တရားမ၀င် တူးနေကြတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖွဲ့ကနေ ဒေသခံတွေကို မတူးဖို့တော့ ကန့်ကွက်နေတာရှိတယ်”ဟု ကိုထားတွမ်က ပြောသည်။
ထိုအလှဆင်ကျောက်များကို တရုတ်နိုင်ငံမှ အဓိက၀ယ်ယူလျက်ရှိပြီး တစ်ပိဿာလျှင် မြန်မာကျပ်ငွေ ၃,၀၀၀ မှ ၅,၀၀၀ ထိ ဈေးပေါက်ကြောင်း၊ ကျောက်များသည် ပယင်းကျောက်များကဲ့သို့ပုံစံရှိပြီး အလှဆင်ကျောက် များအနေဖြင့် အသုံးပြု၍ရသည်ဟု မြွေတောင်၊ ဖားတောင် လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ အဖွဲ့ဝင် ကိုဒဲ ရစ်က မဇ္ဈိမကို ပြောသည်။
“တချို့ကျောက်တွေက ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ ဘယ်သူမှ မသိဘူး။ ကမ္ဘာ့သတ္တုပညာရှင်တွေ ကလည်း မြွေတောင် ဖားတောင်က တန်ဖိုးကြီးသတ္တုတွေ ထွက်နိုင်တယ်လို့ ခန့်မှန်းထားတာလည်းရှိ တော့ ဒီလိုပုံစံမျိုးတွေနဲ့ အရောင်းအ၀ယ်လုပ်နေကြတာကို စိုးရိမ်မိတယ်။ တရားမ၀င် တူးနေကြတာတွေ လည်းရှိတော့ သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်လာတယ်”ဟု အထက်ချင်းတွင်းလူငယ်ကွန်ရက်မှ ကို ကျော်သက်ဝင်းကပြောသည်။
မြွေတောင်၊ ဖားတောင်ကို အမှီပြုပြီး လုပ်ကိုင်စားသောက်ကြသော ကျေးရွာပေါင်း ၁၄ ရွာကျော်၊ လူဦးရေ နှစ်သောင်းကျော် ရှိနေသည်။
မြွေတောင်ဖားတောင်တွင် ယခင်က ခရိုမိုက်သတ္တုနှင့် နီကယ်သတ္တုတို့သာ ထွက်ရှိပြီး ယခုအခါတွင် ရောင်စုံကျောက်ဟုခေါ်သော ချယ်ဆီဒိုကျောက်ပါ ထွက်ရှိနေသည်။
No comments:
Post a Comment