သိမ့်သဉ္ဇာဇင်
PS Business School မှ ကြီးမှူးကျင်းပသော မြန်မာလူငယ် အတွေးအခေါ်ပြိုင်ပွဲ ၂ဝ၁၄ကို အဆင့် ၄ ဆင့်ဖြင့် မေလမှ စက်တင်ဘာလ အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် လူငယ်များ၏ အတွေးအခေါ် နှင့် စိတ်ကူးစိတ်သန်းများကို လွတ်လပ်စွာ တင်ပြင်နိုင်မည်ဟု PS Business School မှ ဥက္ကဋ္ဌ ဦးမျိုးမင်းဦးက မဇ္ဈိမကိုပြောသည်။
ယင်းပြိုင်ပွဲတွင် စီးပွားရေးလုပ်ငန်း နှင့် လူမူအကျိုးပြု စီးပွားရေးလုပ်ငန်း ဟူ၍ ခေါင်းစဉ် နှစ်မျိုးဖြင့် အဖွဲ့လိုက်(နှစ်ဦးမှလေးဦးအထိ) ဝင်ရောက် ယှဉ်ပြိုင်ရမည်ဟုလည် ဦးမျိုးမင်းဦးက ပြောသည်။
“ဘယ်လုပ်ငန်းပဲ ဖြစ်ဖြစ် Ideaက စတာဖြစ်လို့ လူငယ်တွေအားလုံးကို Challenge (စိန်ခေါ်မှု)လုပ်စေချင်ပါတယ်၊ ဒီပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်က လူငယ်တွေရဲ့ စိတ်ကူးနဲ့ အတွေးအခေါ်တွေကို အသိအမှတ်ပြုဖို့ပါ၊ လူငယ်တွေ စွန့်ဦးတီထွင်မှုနဲ့ အာဆီယံ နိုင်ငံများမှာ မြန်မာ့ကုန်စည် ဝန်ဆောင်မူတွေ အောင်အောင်မြင်မြင် ပါဝင်ယှဉ်ပြိုင်စေရန်ပါ”ဟု မေလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ စက်မူဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သော မြန်မာအတွေးအခေါ်ပြိုင်ပွဲ (Myanmar Idea Challenge) စာနယ်ဇင်းရှင်းလင်းပွဲတွင် ဦးမျိုးမင်းဦးက မီဒီယာများကို ပြောကြားခဲ့သည်။
စီးပွားရေး အကြံပေး ဆရာမ ဒေါ်စန်းစန်းလှကလည်း “ အခု ခေတ်ကတော်ရင် ရိုးရိုးတော်လို့ မရတော့ဘူး၊ ပြိုင်ဆိုင်မူတွေ၊ စိန်ခေါ်မူတွေ၊ အတွေးအခေါ် အသစ်အဆန်းတွေ တော်ရတယ်၊ သာမာန်နဲ့တော့ ကမ္ဘာကိုယှဉ်လို့မရဘူး၊ မြန်မာတွေ တိုးတက်ဖို့အတွက် ဒီလိုပြိုင်ပွဲတွေ စီစဉ်ပေးတာ အရမ်းကောင်းပါတယ် ”ဟု စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပြိုင်ပွဲလေးဆင့်တွင် Youth to Innovation ၊Pitching၊ Coaching၊ နှင့် Final Competition ဟူ၍ အဆင့်လေးဆင့် ပါဝင်ပြီး၊ ပထမအဆင့် Youth to Innovation တွင် ပြိုင်ပွဲဝင် လူငယ်များအားလုံးအား ရန်ကုန်၊ မန္တလေးတွင် သင်တန်း ၂ ရက်ပေးမည်ဖြစ်ပြီး၊ အဆိုပါ သင်တန်းမှ အဖွဲ့ ၂ဝ ရွေးချယ်ကာ ဒုတိယအဆင့်တွင် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပြိုင်ပွဲ၏ ထူးခြားချက်မှာ Pitching အဆင့်တွင် ၃ မိနစ်အတွင်း မိမိပြောလိုသည့် Idea ကိုထိရောက်စွာတင်ပြရမည်ဖြစ်သည်။
ပထမအဆင့် Youth to Innivation အတွက် ပြိုင်ပွဲဝင်လျှောက်လွာကို ဇွန်လ ၁ဝ ရက်နေ့ နောက်ဆုံး ထား၍ PS Business School သို့ ငွေကျပ် ၁ဝဝဝဝ ဖြင့် ပေးပို့နိုင်သည်။ ယင်းအပြင် myanmarideachallenge@gmail.com သို့လျှောက်ထားနိုင်ပြီး ပြိုင်ပွဲဝင်လျှောက်လွာကို www.facebook.com/MyanmarIDEAChallenge တွင်လည်း Download ရယူပြီး မိမိ Idea နှင့် ပူးတွဲကာ myanmarideachallenge@gmail.com သို့ ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်ဟု PS Business School မှ သတင်းထုတ်ပြန်ထားသည်။
PS Business School သည် ၂ဝ၁ဝခုနှစ်တွင် Myanmar Business Plan Competition ကို မြန်မာလူငယ်များနှင့် စတင်မိတ်ဆက်ခဲ့ပြီး နှစ်စဉ် ဦးစီးကျင်းပလျှက်ရှိကာ ယခု ၂ဝ၁၄ခုနှစ်တွင် Business နှင့် Social Enterprise Idea ပြိုင်ပွဲကို ပူးတွဲကျင်းပခြင်းဖြစ်သည်။
No comments:
Post a Comment