Thursday, May 8, 2014

နမ့်ခမ်းမြိုတွင် ဗုံးထပ်မံ ပေါက်ကွဲ လယ်သမားတစ်ဦး ဒဏ်ရာရ တစ်ဦး ရိုက်နှက် စစ်ဆေးခံရ

သျှမ်းသံတော်ဆင့်/ စိုင်းတိုင်း

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပြည်ထောင်စု လမ်းအနီး နောင်ကောင် ကျေးရွာ အသွား လမ်းခွဲ စပါးခင်း ထဲတွင် ဗုံးပေါက်ကွဲ ပြီးနောက် လယ်သမားတစ်ဦးအား အစိုးရစစ်တပ်က ဖမ်းဆီး ရိုက်စစ် ဆေးကြောင်း သတင်းရရှိသည်။

ယခုဗုံးပေါက်ကွဲသောနေရာမှာ အစိုးရစစ်တပ်များ၏ ကင်းပုန်းများ ချထားသည့်နေရာဖြစ်ပြီး ဗုံးပေါက်ကွဲမှု ကြောင့်ထိခိုက်ဒဏ်ရာရရှိသူမှာ အောင် မေတ္တာရပ်ကွက်နေ ဦးဆွဲ့ဆိုင်ဟိန်း ၏သား စိုင်းအောင်ညွှန့် အသက်(၅၁) ဖြစ်ကြောင်း၊ သျှမ်းနိုင်ငံရေး ပါတီဝင်လယ်သမားတစ်ဦးကဆိုသည်။

“လယ်ကွင်းထဲမှာ ဗုံး ပေါက်တာ။ ကင်းပုန်းစောင့်စစ်သားတွေကို ဆေးလိပ်မီးညှိပေးပြီး အပြန် စိုင်းအောင်ညွှန့် ခြေလမ်းငါးလှမ်းလောက်အရောက်မှာ ဗုံး ပေါက်ပါ လေရော၊ အနီးက စစ်သား တော့ ကျည်ကာ ၀တ်ထားတော့ ဘာမှမထိဘူး၊ စိုင်းအောင်ညွှန့်တော့ ဘယ်ဘက်ရင်အုံ အထက် နဲ့ကျိုင်းကြား ဗုံးစ ထိမှန်တယ် ၊ခုတော့ နမ့်ခမ်းဆေးရုံမှာ ဆေးကုသမှု ခံနေ တယ် ” ၄င်းက သျှမ်းသံတော်ဆင့်အား ပြော သည်။

ဗုံးပေါက်ကွဲအပြီး ခေါ်ယူရိုက်နှက်စစ်ဆေးခံရသူမှာ ကွန်လုံကျေးရွာနေ အဘ ခင်းမန်ဆိုင်အိုက်အေး ၏ သား စိုင်းစိုးနောင် အသက် (၄၀) နှစ် ဖြစ်ကြောင်း ကွန်လုံရွာသား တစ်ဦးကဆိုသည်။

“ ဗုံးပေါက်ကွဲတဲ့နေရာနဲ့ မနီးမဝေး ရွှေလီရေအားလျှပ်စစ် ဓါတ်အားခွဲ စက်ရုံအနီးမှာ လယ်လုပ် နေ သော လယ်သမား စိုင်းစိုးနောင် ကို ကင်းပုန်းစောင့် ရဲဘော်တွေက ဖမ်းဆီးရိုက်နှိက် စစ်ဆေးတယ်။ ပတ်ဝန်းကျင်က ရွာသားတွေက တောင်းပန်တာကြောင့် ရိုက်နှိက်ခံရတဲ့ စိုင်းစိုးနောင်ကို ပြန်လွှတ် ပေးခဲ့ တယ် ” ဟု ၄င်းက ပြောသည်။

၂၀၁၄ ဧပြီလ လယ် ပိုင်းကတည်းက အစိုးရစစ်တပ်များသည် သျှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည် နယ် အ တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထိုဒေသ အတွင်းရှိ အစိုးရ စစ်တပ်များလုပ်ရှားရာနေရာများတွင် လက်သည်မပေါ်သော ဗုံးများမကြာခဏ ပေါက်ကွဲနေပြီး ဒေသခံများ ထိ ခိုက် ဒဏ်ရာရ သေဆုံးမှုများဖြစ် နေကြောင်းသိရသည်။

No comments: