Friday, May 2, 2014

ကချင်တိုက်ပွဲများအရေး KIO နှင့် အစိုးရ မေ ၁၀ ရက် နောက်ပိုင်းတွေ့ရန် ဦးအောင်မင်း အဆိုပြု

ဖနိဒါ

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မေလ ၁၀ရက် နောက်ပိုင်း တွေ့ဆုံမည်ဟု အဆိုပြုလွှာတစ်စောင်ကို မေလ ၁ရက်က ပြန်ကြားလိုက်သည်ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)မှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။

“ဦးအောင်မင်းကလည်း ကေအိုင်အိုဘက်ကို သူ့ရဲ့ အစည်းအဝေးညှိနှိုင်းတဲ့ အဆိုပြုလွာကို ဒီနေ့ ပို့လိုက်ပါတယ်။ သူတို့ကလည်း ၁၀ ရက်နေ့ဆိုပြီး အဆိုပြုတယ်။ ကျွန်တော်တို့ဘက်ကလည်း အဆိုတခု ပြန်ပြုထားတယ်။ ရက်ကတော့ သူတို့နဲ့ ကျွန်တော်တို့ ညှိလို့ရတဲ့ရက်ကိုပဲ အတည်ပြုနိုင်မှာပါ။ အဆိုပြုတဲ့စာပြန်ပို့တယ်ဆိုတာပဲ ပြောနိုင်ပါတယ်”ဟု ဦးလှမောင်ရွှေက ပြောသည်။

ကချင်ပြည်နယ်တွင် စစ်ပွားများ ပြန်လည်ဖြစ်ပွားခြင်းကြောင့် အစိုးရနှင့် KIOတို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဧပြီလ ၁၀ရက်တွင် တွေ့ဆုံဆွေးနွေးရန် ပြီးခဲ့ ဧပြီလ ၂၉ရက်တွင် KIOက စာပို့လိုက်ခြင်းကို ပြည်ထောင်စုငြိမ်းချမ်းရေ ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက အကြောင်းပြန်ကြားလိုက်ခြင်းဖြစ်သည်။ သို့သော် တွေ့ဆုံမည့် ရက်အတိအကျကိုမူ နှစ်ဘက် ပြန်လည် ညှိနှိုင်းရဦးမည်ဟု ဦးလှမောင်ရွှေက ဆိုသည်။

ထိုဆွေးနွေးပွဲတွင် ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဗီယား၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ Mr Wang Yingfanတို့ကို လေ့လာသူအဖြစ် ဖိတ်ကြားသွားမည်ဖြစ်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်များကိုလည်း ဖိတ်ကြားသွားမည်ဟု KIA၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

သည့်အပြင် NCCTနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်ကော်မတီ (UWPC)တို့ လာမည့် မေလ ၁၉ရက်နှင့် ၂၀ရက်များတွင် ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် တွေ့ဆုံရန် မေလ ၁ရက်က နှစ်ဖက် ကိုယ်စားလှယ်များ သဘောတူလိုက်ပြီဟု ဦးလှမောင်ရွှေက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈၊ ၂၉ ရက်များတွင် NCCT ခေါင်းဆောင်များ၏ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော အစည်းအဝေး၌ UPWC နှင့် ပြန်လည် တွေ့ဆုံရန် တစ်ဖက်၉ ဦးပါဝင်သော single Text ရေးဆွဲရေးအဖွဲ့များ ပြန်လည် တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

အလားတူ ဧပြီလ ၃၀ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ (UPWC) ဥက္ကဋ္ဌထံ လိပ်မူ၍ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး အင်ဘန်လ လက်မှတ်ရေးထိုးထားပြီး ဆွေးနွေးမှု အခြေအနေများကို ရေးသားထားသော အိတ်ဖွင့်ပေးစာ တစ်စောင်ကိုလည်း ပေးပို့ထားသည်ဟု ဦးလှမောင်ရွှေက ပြောသည်။

No comments: