Friday, May 9, 2014

၈၈နှင့် KNUတို့ ဖွဲ့စည်းပုံပြင်ရန်နှင့် အပစ်ရပ်စဲရေး အဓိကဆွေးနွေး

ကြယ်ပြာ

ပထမဆုံးအကြိမ် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုတိယ ဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ တွေ့ဆုံရာတွင် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး နှစ်ချက်ကိုသာ အဓိက နှစ်ဖက်တိုင်ပင်ခဲ့ကြသည်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောသည်။

ရန်ကုန်မြို့ရှိ ၈၈အဖွဲ့ ရုံးခန်းတွင် KNU အဖွဲ့နှင့် ၈၈အဖွဲ့တို့ မေလ ၇ရက် နံနက် ၁ဝနာရီက ပထမဆုံအနေဖြင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

မင်းကိုနိုင်က “ ကျွန်တော်တို့က ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှိနေတာကို မျက်ကွယ်ပြုပြီး ဖွဲ့စည်းပုံ ပြင်ဖို့ကိုပဲ လုပ်နေတာမဟုတ်ဘူး။ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားတွေ တန်းတူညီမျှစွာ အခွင့်အရေးအရေး ရရှိရေးကိုလည်း ကျွန်တော်တို့ ပါဝင်ပြီးတော့ လုပ်မယ်ဆိုတာကို KNU ကို အသိပေးလိုက်ပါတယ်” ဟု ပြောသည်။

၈၈အဖွဲ့က ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပစ်ရပ်စဲရေးတွင် ပါဝင်ကူညီမည်ကို KNU အဖွဲ့က ကြိုဆိုလိုက်ကာ ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ကြိုးစားနေသော လုပ်ငန်းတွင်လည်း KNU အနေဖြင့်လည်း လက်တွဲကူညီ ဆောင်ရွက်ပေးရန် အပြန်အလှန် သဘောတူညီချက် ရရှိခဲ့သည်။

KNU ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန်ကလည်း ယခုအကြိမ်တွေ့ဆုံခြင်းသည် တစ်နိုင်ငံလုံး အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ရရှိရန်မှာ တိုင်းရင်းသားအဖွဲ့များတွင်သာ တာဝန်ရှိခြင်းမဟုတ်ဘဲ နိုင်ငံပြုပြင်ပြောင်းလဲရေး လှုပ်ရှားနေသော အဖွဲ့အစည်းတိုင်းတွင် တာဝန်ရှိကြောင်း နှင့် KNU ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နှစ်ဖက်ဆွေးနွေးခြင်း ဖြစ်သည်ဟု စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

“၈၈အဖွဲ့က တိုင်းရင်းသားတွေလုပ်နေတဲ့ တန်းတူညီမျှမှုရှိရေးနဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီ ရဖို့ကို တစိုက်မတ်မတ် လုပ်လာတဲ့အဖွဲ့ဖြစ်တော့ ဆက်လုပ်ဖို့ကို ကျွန်မတို့က တိုက်တွန်းခဲ့တယ်။၂ဝဝ၈ ဖွဲ့စည်းပုံကိုလည်း ပြင်ဆင်ဖို့ အတူလက်တွဲ လုပ်ဆောင်ဖို့အတွက် ကျွန်မတို့ နှစ်ဖွဲ့ အမြင်တွေ တူညီတယ်” ဟု ၎င်းက ပြောသည်။

ယနေ့တွေ့ဆုံမှုသည် နှစ်ဦးနှစ်ဖက် အမြင်သဘောထားများကို ဖလှယ်ကြခြင်းဖြစ်ကာ ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် အပစ်ခတ်ရပ်စဲရေးတို့တွင် အတူလက်တွဲ ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးတိုင်ပင်ခဲ့ကြ ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်ရပ်သဘောတူ စာချူပ်လတ်မှတ်ရေးထိုးနိုင်ရန် ၈၈အဖွဲ့အနေဖြင့် ဝင်ရောက် ကူညီရန် အတွက်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းနှင့် မေလ ၆ ရက် က တွေ့ခဲ့ပြီးဖြစ်သည်။

KNU ဒုဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့သည် ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ပြုလုပ်သည့် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ အစည်းအဝေးသို့ တတ်ရောက်ရန် လာရောက်ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့မှ ဒေသခံ ကရင်လူထုများနှင့် တွေ့ဆုံပွဲများ ပြုလုပ်မည်ဖြစ်သည်။

မေလ ၆ရက် ညနေပိုင်းတွင်လည်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် KNU ဒုဥက္ကဋ္ဌ အဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် စပ်လျဉ်း၍ ပြည်သူလူထု၏ စိုးရိမ်နေသော အသံများကို KNU ဘက်က တင်ပြဆွေးနွေးခဲ့သေးသည်။

No comments: