Tuesday, May 27, 2014

မေလအကုန်ပိုင်းတွင် MPT နှင့် KDDI ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးမည်

မောင်မန်း

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်အခြေစိုက်ဆက်သွယ်ရေးကုမ္ပဏီKDDI တို့ အကျိုးတူပူးပေါင်းပြီး ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးသွားရန်အတွက် မေလ အကုန်ပိုင်းတွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က မဇ္ဈိမကို ပြောသည်။

ဦးသန်းထွန်းအောင်က“MPT နဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်ဖို့အတွက်ကို ဂျပန် အခြေစိုက် KDDI ကုမ္ပဏီတို့ လက်မှတ်ရေး ထိုးသွားပါမယ်။ ရက်အတိအကျ ပြောလို့ မရသေးပေမယ့် မေလအကုန်ပိုင်း မဟုတ် င် ဇွန်လအစပိုင်းမှာ လက်မှတ်ရေးထိုးသွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။၏

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်KDDI နှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆက်သွယ်ရေးလုပ် ငန်းလိုင်စင် တင်ဒါတင်သွင်းရာတွင် ရွေးချယ်ခြင်းမခံရသည့် ကုမ္ပဏီများထဲမှ ရွေးခြယ်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

၎င်းက“လိုင်စင်ချပေးဖို့ ရွေးတုန်းက အရွေးချယ်မခံရတဲ့ ကုမ်္ပဏီတွေထဲက ရွေးချယ်တာဖြစ်ပါတယ်။ KDDI၊ Singtel၊ Orange တို့ထဲက ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ တင်ဒါအသစ်ခေါ်နေရင် အချိန်တွေကြာ နေမှာ ကြောင့် ပထမခေါ်ထားတဲ့အထဲက ရွေးချယ်တာဖြစ်ပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န် ဆောင်မှုလုပ်ငန်းလိုင်စင် တင်ဒါခေါ်ယူပြီး ပြည်ပအော်ပရေတာ ကုမ္ပဏီ ၁၁ ခုမှ တယ်လီနောနှင့် အူရီးဒူး ကုမ္ပဏီနှစ်ခုအား လုပ်ငန်းလိုင်စင်ချထားပေးခဲ့သည်။ မြန်မာ့ ဆက်သွယ်ရေးက ကုမ္ပဏီ ၁၁ ခု အနက်မှ ရွေးချယ်ခံရခြင်းမရှိသည့် ကုမ္ပဏီများတွင် မြန်မာ့ဆက်သွယ် ရေး၏ လိုအပ်ချက်များ နှင့် ကိုက်ညီမည့်KDDI ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးသန်းထွန်းအောင်က ဆိုသည်။

MPT အနေဖြင့် နိုင်ငံခြားကုမ်္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်ရာတွင် ယင်းကုမ္ပဏီများ၏ နည်းပညာများ အပြင် ဈေးကွက်ရှာ ဖွေရေး၊ Customer Service စသည့် လုပ်ငန်းများကိုပါ ရယူရန်လိုအပ်ပြီး မျှတသည့် ယှဉ်ပြိုင်မှုများရှိရန်လိုအပ်သည်ဟု ရန်ကုန် တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ကိုဝေလင်းထွန်းက မဇ္ဈိမကို ပြောသည်။

ထို့အပြင် ပြည်ပအော်ပရေတာများနှင့် ယှဉ်ပြိုင်မှု ပိုမိုအားကောင်းလာမည်ဖြစ်သည်ဟု ကိုဝေလင်းထွန်းက ပြောသည်။

ကိုဝေလင်းထွန်းက“နည်းပညာအပြင်Public Relation၊ Marketing၊ Customer Service စတာတွေကို နိုင်ငံခြားကုမ္ပဏီတွေဆီက သူတို့ နိုင်ငံတကာမှာ ဘယ်လိုလုပ်နေသလဲ ဆိုတာလေ့လာရမယ်။ အသုံး ပြုသူတွေဘက်က ဝေဖန်မှုတွေတက်လာရင် ချက်ချင်း ပြင်ဆင်ပေးနိုင်ရမယ်။ မျှတတဲ့ ယှဉ်ပြိုင်မှုရှိရမယ်။ ဒါဆိုရင် နိုင်ငံခြားအော်ပရေတာတွေနဲ့ ယှဉ်ပြိုင်မှုပိုပြီးအား ကောင်းလာမှာပါ”ဟု ဆိုသည်။

No comments: