Thursday, May 8, 2014

ရွေးကောက်ပွဲ ပြင်ဆင်မှု NLD စပြီ

မင်းမင်း၊ ရွှေရည်ဝင်းထက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မေ ၅ရက်တွင် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီနှင့် ဗဟိုသုတေသနလမ်းညွှန် အဖွဲ့များဖွဲ့စည်းခြင်းဖြင့် အနာဂတ်တွင် ဖြတ်သန်းရမည့် ရွေးကောက်ပွဲများအတွက် ပြင်ဆင်မှု စတင်လိုက်ပြီဖြစ်သည်။

“နံပါတ်တစ် ဦးစားပေးကတော့ ကြားဖြတ်ရွေးကောက်ပွဲအတွက်ပါ။ နောက်ပိုင်းတွေလည်း ၂၀၁၅အတွက် လုပ်ဆောင်သွားမှာပါ” ဟု ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီအဖွဲ့ဝင် ဦးမောင်မောင်ဦးက မဇ္ဈိမကိုပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးကလည်း ရှေ့ဆက်ဆောင်ရွက်ရန် များစွာရှိသေးသော်လည်း လတ်တလော သတင်းထုတ်ပြန်ခြင်းမပြုသေးဟု ဆိုသည်။

“နောက်ပိုင်းတွေမှာလည်း ကော်မတီတွေ ထပ်ဖွဲ့ရဦးမယ်” ဟု ဦးမောင်မောင်ဦးက ပြောသည်။ မကြာမီ တွင် ကော်မတီအစည်းအဝေးများပြုလုပ်ရန်ရှိပြီး ယင်းနောက်တွင်မှ အသေးစိတ်လုပ်ငန်းစဉ်များ သတ်မှတ် ရန်ရှိသည်ဟု ဆိုသည်ကော်မတီ၏ ရည်ရွယ်ချက်သည် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရန်ဖြစ်သည်ဟု တာဝန်ရှိသူ တို့က အသိပေးသည်။

ထို့ပြင် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီနှင့်အတူ တစ်ပြိုင်နက် ထုတ်ပြန်ကြေညာခဲ့သည့် ဗဟို သုတေသန လမ်းညွှန်အဖွဲ့၏ လုပ်ငန်းတာဝန်များတွင် ရွေးကောက်ပွဲဆိုင်ရာ စစ်တမ်းများပြုစုရေး ပါဝင် သည်ဟု အဖွဲ့၏အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက မဇ္ဈိမကို ပြောသည်။

“ရွေးကောက်ပွဲ ဘယ်တော့ ကျင်းပမလဲ။ အဲ့ဒေသတွေမှာ ဘာတွေ လိုအပ်ချက်ရှိနေလဲ။ ဘာတွေဖြည့် ဆည်းဖို့ လိုအပ်လဲ။ ရွာတွေ ဘယ်လောက်ရှိတယ်။ ဘယ်တိုင်းရင်းသားတွေ နေထိုင်ကြတယ်။ ကျွန်တော် တို့ ဒါတွေကို စပြီး လေ့လာပြီ၊ စုံစမ်းပြီပေါ့။ ဒါတွေ ကျွန်တော်တို့က သုတေသနလုပ်သွားမှာပေါ့” ဟု ၎င်းက ပြောသည်။

ဗဟိုသုတေသန လမ်းညွှန်အဖွဲ့သည် တိုင်းပြည်၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ စစ်တမ်းများကို ကောက်ယူရန်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်လည်း ပူးတွဲ ဆောင်ရွက်ရန် စီစဉ်ထားသည်ဟု ဆိုသည်။“သတင်းအချက်အလက်တွေ မှန်မှန်ကန်သိရဖို့၊ တိုင်းရင်းသား၊ လယ်သမား၊ ပြည်သူပြည်သား စတဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို သိရဖို့ လုပ်သွားမှာပါ” ဟု ဦးမျိုး ရန်နောင်သိမ်းက ပြောသည်။

အနီးကပ်ဆုံးအဖြစ် ၂၀၁၄ ခုနှစ် နှောင်းပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲ တစ်ခု၊ ၂၀၁၅ခုနှစ် နှောင်းပိုင်း တွင် အထွေထွေရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးပြော ဆိုပြီးဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရကျင်းပပေးသည့် ၁၉၉၀ ပြည့်နှစ် ရွေး ကောက်ပွဲတွင် အများဆုံးအနိုင်ရသော်လည်း လွှတ်တော်ခေါ်ယူခွင့်၊ အစိုးရဖွဲ့ခွင့်တို့ကို ဆုံးရှုံးခဲ့ရသည့် ပါတီတစ်ခုဖြစ်သည်။

မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကာလ စတင်နိုင်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ၌မူ ပါဝင်ယှဉ်ပြိုင် ခဲ့ခြင်းမရှိဘဲ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲရောက်မှသာ ပါတီကိုတရားဝင်ပြန်လည် ထူထောင်ခဲ့သည့် ပါတီတစ်ခုဖြစ်သည်။ အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၅ ခုစလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရခဲ့သည်။

No comments: