နန်းလွင်နှင်းပွင့်
“ ဝ " ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) က အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို အဟန့်အတား ဖြစ်စေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်း UWSP မှ အတွင်းရေးမှူး ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။
ထိုပြင်ဆင်ချက်များကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုဖြစ်သည့် နိုင်ငံရေးဆွေးနွေးပွဲ (Political Dialogue) ရောက်မှသာ ၎င်းတို့အဖွဲ့အနေဖြင့် ချပြဆွေးနွေးသွားမည်ဟု ဦးအောင်မြင့်က ဆိုသည်။
"အခြား နိုင်ငံရေး အင်အားစုတွေ၊ လက်နက်ကိုင်တွေနဲ့ ပါတီတွေက ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုတွေနဲ့ ဆွေးနွေးမှု အခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း ဆွေးနွေးမှုတွေ လုပ်ပြီးပြင်ဆင်ထားပါတယ်’’ဟု ဦးအောင်မြင့်က ဆိုသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အပစ်ရပ်ပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဆွေးနွေးနိုင်ရန် လမ်းဖွင့်ပေးမည်ဟု မတ်လ ၂၉ ရက်က နိုင်ငံရေးပါတီများ နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ တွေ့ဆုံခဲ့စဉ်က ကတိပေးပြောဆိုခဲ့သည်။
ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည့် မြန်မာနိုင်ငံအနေဖြင့် ကျင့်သုံးရန် ကိုက်ညီမှု မရှိသည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါအချက်များကို ပြင်ဆင်ရေးအတွက် ဒီမိုကရေစီအတိုက်အခံအင်အားစုအသီးသီးဆန္ဒပြ တောင်းဆိုမှုများ၊ လူထုစည်းရုံးမှုများနှင့် အကောင်အထည်ဖော်ရန် ဆွေးနွေးနေမှုများလည်း ရှိနေသည်။
No comments:
Post a Comment