စိုးသန်းလင်း
နိုင်ငံသစ်ထုတ်လုပ်မှုတွင် သစ်လုံးခုတ်လှဲရောင်းချမှုကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကုန် အထိသာ ခွင့်ပြုတော့မည်ဖြစ်၍ ၎င်းကာလ မကုန်မီ တစ်နိုင်ငံလုံးရှိသစ်တောများ အပြောင်ရှင်း ထုတ်လုပ်နေသလောဟူသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အမေးကို မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
“သစ်ထုတ်လုပ်မှုပမာဏကို ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ခြင်းကို ရပ်ဆိုင်းခဲ့သော်လည်း ပြည်တွင်း သစ်အခြေခံစက်ရုံ၊ အလုပ်ရုံတွေရဲ့ ကုန်ကြမ်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ သဘာဝတောများထိခိုက်မှု အနည်းဆုံးဖြင့် သစ်ထုတ်လုပ်ခြင်းသာ ဖြစ်ပါကြောင်း၊ ၂၀၁၄ မကုန်မီ တစ်နိုင်ငံလုံးရှိ သစ်တောများ အပြောင်ရှင်း သစ်ထုတ်သည့် အခြေအနေမျိုးမဟုတ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက လွှတ်တော်မှ တစ်ဆင့် အစိုးရအဖွဲ့ကိုမေးမြန်းရာတွင် သစ်များကိုစည်းကမ်းမဲ့စွာ ထုတ်လုပ်နေကြကြောင်း၊သစ်ခုတ်လှဲရာဒေသခံ ပြည်သူတို့ကမူ ၎င်းသစ်များကို အသုံးပြုခွင့်မရကြောင်း၊ ခုတ်လှဲသည့် ဧရိယာတွင် စနစ်တကျ ပြန်လည်စိုက်ပျိုးမှုလည်း မရှိကြောင်း၊၂၀၁၄ မတိုင်ခင် အပြောင်ရှင်းပုံစံဖြင့် သစ်ထုတ် လုပ်နေ မှုကို မည်သို့ကာကွယ် ဆောင်ရွက်ပေးမည်နည်းဟု ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက “မတ်လ ၂၈ ရက်မှာ ရန်ကုန်၊ မန္တလးပြည်ထောင်စု လမ်းမကြီး မိုင်တိုင် ၁၈၈ မှာ တန်ဖိုး ကျပ် ၈၉၉ သိန်း ရှိတဲ့ ပိုင်ရှင်မဲ့သစ်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ စည်းကမ်းမဲ့ သစ်ထုတ်လုပ်မှုတွေနဲ့ သစ်မှောင်ခိုမှုတွေကို စာတွေ့မဟုတ်ဘဲလက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုပါတယ်” ဟုလည်း တိုက်တွန်း ပြောကြားခဲ့သည်။
ထမံသီရေအား လျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခြင်းကြောင့် စီမံကိန်းရေ၀ပ်ဧရိယာ အတွင်း အပြောင်ရှင်းသစ် ထုတ်လုပ်မှုများ ကိုပါရပ်လိုက်ပြီဖြစ်သော်လည်း ချင်းတွင်းမြစ်ရိုးတစ်လျှောက် သစ်လုံးဖောင်များ အစဉ်မပြတ်သွားလာနေဆဲဖြစ်ခြင်းနှင့် သစ်အခြေခံ အသားလွှာစက်ရုံများသို့ နှစ်ပေါင်း များစွာပေးပို့ရသောသစ် တန်ချိန်များနှင့် စပ်လျဉ်းသည့် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်၏ အမေးကိုလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဒုတိယ၀န်ကြီးက“အပြောင်ရှင်းသစ်ထုတ်ခြင်းကို ၂၀၀၅-၀၆ ဘဏ္ဍာနှစ်မှ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အထိ ဆောင် ရွက်ခဲ့ရာမှာ သစ်မာတန် ၂၁၃,၁၈၄ တန်ထုတ်လုပ်ခဲ့ပြီး ၂၀၁၃-၁၄ မှာ ရပ်ဆိုင်းခဲ့ပါတယ်”ဟု ပြန်လည် ဖြေကြားပြီး သစ်ပါးလွှာစက်ရုံ၊ အထပ်သားစက်ရုံများသို့ သစ်မာသစ်လုံး ကုန်ကြမ်းများပေးပို့ခြင်း အခြေအနေကိုပါ ရှင်းပြခဲ့သည်။
No comments:
Post a Comment