Monday, June 9, 2014

ကာတာ အခြေစိုက် အော်ရီဒူး ကုမ္ပဏီအား သပိတ်မှောက်ကြရန် ရဟန်းအချို့ တိုက်တွန်း

အေအက်ဖ်ပီ

ကာတာနိုင်ငံ အခြေစိုက် အော်ရီဒူး ဆက်သွယ်ရေး ကုမ္ပဏီကို သပိတ်မှောက်ကြရန် မြန်မာနိုင်ငံရှိ ရဟန်းအချို့က တိုက်တွန်းခဲ့ကြောင်း ရဟန်းတစ်ပါးက ဇွန်လ ၅ရက်က မိန့်ကြားသည်။

နော်ဝေ၏ တယ်လီနော ကုမ္ပဏီ ကဲ့သို့ပင်၊ အော်ရီဒူး သည် မြန်မာနိုင်ငံအတွင်း ယခုနှစ်ထဲတွင် ဈေးနှုန်းချိုသာသော ဆင်းမ်ကတ်များ စတင်ရောင်းချရန် စီစဉ်ထားသည်။ မြန်မာနိုင်ငံတွင် ယခင် စစ်အစိုးရ လက်ထက်ကမူ၊ ဖုန်း (ဆင်းမ်ကတ်) ဈေးနှုန်းများ အလွန် ကြီးမြင့်လှသောကြောင့် လူဆယ်ဦးလျှင် ကိုးဦးမှာ ကိုယ်ပိုင်ဖုန်းများနှင့် အလှမ်းဝေးခဲ့ရသည်။

သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် အစွန်းရောက် ရဟန်းအချို့ ဦးဆောင်သော ဗုဒ္ဓဘာသာအမျိုးသားရေးလှုပ်ရှားမှု အရှိန်အဟုန်မြင့်မားလာခြင်း ပြဿနာနှင့် လုံးပမ်းနေရစဉ်တွင် ယခုကဲ့သို့ လှုံ့ဆော်မှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ မူစလင် ဈေးဆိုင်များအား သပိတ်မှောက်ရေး နှင့် ဘာသာရေးလွတ်လပ်ခွင့်ကို ကန့်သတ်သော အငြင်းပွားဖွယ်ရာ ဥပဒေများ ပြဋ္ဌာန်းရေးကိုလည်း ထိုရဟန်းများက တိုက်တွန်းလှုံ့ဆော်ထားသည်။

ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကုန်ပစ္စည်းများကို ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော ဈေးဆိုင်များထံမှသာ ဝယ်ယူကြစေလိုသည့် ဆန္ဒမျိုး ရှိကြောင်းနှင့် အကျိုးအမြတ်များ ဗုဒ္ဓဘာသာထံသို့သာ ရောက်ရှိသွားစေလိုကြောင်း အရှင် ပါမောက္ခက မိန့်ကြားခဲ့သည်။ အရှင်ပါမောက္ခသည် အော်ရီဒူး ဆန့်ကျင်ရေး လှုပ်ရှားမှု တစ်ခုကို စီစဉ်ဆောင်ရွက်နေသော ရဟန်းတစ်ပါး ဖြစ်သည်။

အော်ရီဒူး ကုမ္ပဏီအား လိုင်စင်ထုတ်ပေးခဲ့သည့်အတွက် မြန်မာအစိုးရကို သူ၏အဖွဲ့ (အရှင်ပါမောက္ခ၏ အဖွဲ့)က ဝေဖန်ပြစ်တင်ကြောင်းလည်း အရှင် ပါမောက္ခက မိန့်ကြားခဲ့သည်။

အော်ရီဒူး ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မသီရိကြာညိုကမူ လူတိုင်းလူတိုင်းတွင် တန်းတူ အခွင့်အရေး ရှိသင့်ပြီး၊ လူတိုင်းသည် လေးစားမှု ရထိုက်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အော်ရီဒူး အမှတ်တံဆိပ် အကြောင်းနှင့် အော်ရီဒူး ကုမ္ပဏီက မြန်မာနိုင်ငံသားများအတွက် ဆောင်ကြဉ်းလာမည့် အပြုသဘောဆောင်သော အကျိုးဆက်များ အကြောင်းကို မြန်မာနိုင်ငံသားများ စတင်နားလည်လာသည်နှင့် တစ်ပြိုင်နက်၊ အော်ရီဒူးကုမ္ပဏီအပေါ် ရှိနေခဲ့ကြသည့် သံသယများ လျင်မြန်စွာ ပျောက်ကွယ်သွားလိမ့်မည်ဟု ထင်မြင်ကြောင်းလည်း သူမက ပြောခဲ့သည်။

No comments: