ABC
ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူအဖွဲ့ကို အကူအညီပေးနေတဲ့ သြစတြေးလျနိုင်ငံက ပညာရှင်တစ်ဦးက မြန်မာအစိုးရတပ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်မှုတွေ လုပ်နေဆဲ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
သြစတြေးလျနိုင်ငံက လုံခြုံရေး အကြံပေး ပညာရှင် Des Ball က မြန်မာ တိုင်းရင်းသား တွေအပေါ် လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ပဲလို့ ပြောလိုက်တာ ဖြစ်ပါတယ်။
မြန်မာ တိုင်းရင်း သားတွေအပေါ် အကြမ်းဖက် မှုတွေကို ရပ်တန့်ဖို့ လည်း မြန်မာ အစိုးရကို တောင်းဆို လိုက်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကရင်အမျိုး သမီးငယ်တွေကို မြန်မာ စစ်တပ်က မုဒိမ်းကျင့် ပြီးနောက် တဲအိမ် တစ်အိမ်မှာ မီးရှို့ လိုက်တာတွေ၊ သေနတ်နဲ့ ပစ်သတ်မှုတွေ လုပ်ခဲ့တယ် ဆိုတာကို ကြားရပြီး တဲ့နောက် ဘာမှမလုပ်ပဲ သြစတြေးလျ နိုင်ငံကို ပြန်လာဖို့ စိတ်မသန့် တော့တဲ့အတွက် ကေအန်ယူ တပ်နဲ့ ဆက်သွယ်ပြီး ကေအန်ယူ တပ်တွေရဲ့ လှုပ်ရှားရေးတွေမှာ အကြံဥာဏ်ပေး တာတွေ၊ မြန်မာစစ်တပ်ကို ဘယ်လို နောက်ယောင်ခံမလဲ စတဲ့ နည်းလမ်းတွေကို ပေးခဲ့တယ်လို့ မစ္စတာ Des Ball ကပြောပါတယ်။
အထူးသဖြင့် ကေအန်ယူ စစ်တပ်အတွင်း ဆက်သွယ်ရေးစနစ်မှာ တိုးတက်မှုတွေ ရှိအောင် လုပ်ဆောင်ခဲ့ပြီး မြန်မာစစ်တပ်ရဲ့ ရေဒီယိုကို ဖမ်းယူခိုးနားထောင်နိုင်အောင် အိတ်စိုက်ပြီး လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ရှေ့တန်းက စစ်အရာရှိတွေကို လုပ်ကြံနိုင်မယ့် လက်ဖြောင့်သမားတွေအတွက် နည်းပညာတွေမှာ အကူအညီပေးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တချို့ရှိလာပေမယ့် တချို့တိုင်းရင်းသားဒေသတွေမှာ အခြေအနေ ပိုမိုဆိုးဝါးလာတယ်လို့ ပြောပါတယ်။
သြစတြေးလျနိုင်ငံ လုံခြုံရေးပညာရှင်တစ်ဦးအနေနဲ့ လုပ်သင့်တဲ့အတိုင်းအတာထက် ကျော်လွန်ပြီး ကေအန်ယူတပ်ကို အကူအညီပေး လုပ်ဆောင်နေတာ ဖြစ်ပေမယ့် အဲဒီအပေါ် နောင်တမရဘူးလို့လည်း ပါမောက္ခ Des Ball က ပြောပါတယ်။
ပါမောက္ခ Des Ball ဟာ ကေအန်ယူတပ်နဲ့ သြစတြေးလျနိုင်ငံသာမက အမေရိကန် အစိုးရကိုပါ နျူကလီးယားနဲ့ ပတ်သက်ပြီး အကြံဥာဏ်ပေးတာတွေ လုပ်ခဲ့ဖူးတဲ့အတွက် အမေရိကန် သမ္မတဟောင်း Jimmy Carter ရဲ့ ချီးကျူးမှုကို ခံရသူလည်း ဖြစ်ပါတယ်။
နျူကလီးယားစစ်မဖြစ်ပွားအောင် အကြံဥာဏ်ကောင်းတွေပေးခဲ့တဲ့အတွက် ကမ္ဘာကို ကယ်တင်သူ အဖြစ်တောင် တင်စားခံရသူ ဖြစ်ပါတယ်။
အဲဒါ့အပြင် မနေ့တုန်းကပဲ သြစတြေးလျနိုင်ငံမှာ ကျင်းပတဲ့ ဘုရင်မရဲ့ မွေးနေ့အတွင်း သြစတြေးလျ ကာကွယ်ရေးပေါ်လစီနဲ့ ပတ်သက်ပြီး ရေးသားမှုတွေအတွက် ပါမောက္ခ Des Ball က ဂုဏ်ပြုဆုလက်ခံရရှိခဲ့ပါတယ်။
ပါမောက္ခ Des Ball ဟာ သရက်ရွက်ကင်ဆာရောဂါ ဝေဒနာခံစားရသူလည်းဖြစ်ပြီး အခုလောလောဆယ် ထိုင်း-မြန်မာ နယ်စပ်က လုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

No comments:
Post a Comment