Monday, June 9, 2014

မကွေးမြို့တွင် ကျင်းပမည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ ခွင့်ပြုချက်မရ

နန်းလွင်နှင်းပွင့်

မကွေးတိုင်း၊ မကွေးမြို့၊ မြသလွန်ဘုရားကြီးကွင်း၌ ဇွန်လ ၉ ရက်တွင် ကျင်းပရန် ပြင်ဆင်ထားသည့် ၂ဝဝ၈ ဖွဲ့အစည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ ခွင့်ပြုချက်မရဟု မကွေးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းကိုယ်စားလှယ် အထွေထွေအတွင်းရေးမှူး ဦးနေမျိုးကျော်က မဇ္ဈိမကို ပြောသည်။

“ ဟောပြောပွဲအတွက် စင်က ဆောက်ပြီးနေပြီ၊ ခွင့်ပြုချက်မရဘူး၊ ဒီ့အပြင် စင်ကိုပါ ဖျက်ခိုင်းနေတယ်" ဟု ပြောသည်။

မကွေးမြို့တွင် စီစဉ်ထားသည့် ဟောပြောပွဲတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ မည်သည့် အတွက်ကြောင့် ပြင်ရန် လိုအပ်သည်ကို ဟောပြောမည်ဖြစ်ပြီး ဆန္ဒပြုလတ်မှတ်များ ကောက်ယူသွားမည်ဖြစ်သည်ဟု ဦးနေမျိုးကျော်က ပြောသည်။

ဟောပြောပွဲပြုလုပ်ခွင့်ပေးရန် ခရိုင် ၊ မြို့နယ်များသို့ မေလ ၂၉ ရက်တွင် တင်ထားခဲ့သော်လည်း ခွင့်ပြုမိန့် မရသည့် အပြင် ဆောက်လုပ်ထားသည့် စင်အား ဖျက်ရမည်ဟု ပြောဆိုလာမှုများ ရှိသော်လည်း ခွင့်မပြုသည့် အချက်များမှာ အကျိုးအကြောင်း ခိုင်လုံမှုမရှိဟု ယူဆသဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး နှင့် ပတ်သတ်၍ ပြည်သူများအကြား ဟောပြောပွဲများ၊ ဆန္ဒသဘောထား လတ်မှတ်များ ကောက်ယူရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

ဆန္ဒပြုလက်မှတ်များအား NLD နှင့် ၈၈မျိုးဆက် ရုံးချုပ်နှင့် ရုံးခွဲများ ရှိရာ မြို့နယ်များ၊ ရပ်ကွက်အသီးသီးတို့ တွင် လာရောက် ရေးထိုးနိုင်ပြီး မေလ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်ထိ သတ်မှတ်ထားသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပတ်သတ်၍ NLD နှင့် ၈၈ မျိုးဆက်တို့မှာ မြို့ကြီး ၁၇ မြို့နယ်တွင်ဟောပြောပွဲများ လိုက်လံ လုပ်ဆောင်ရန် သဘောတူညီထားသည်။

အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ခြင်းနှင့်ပတ်သတ်၍ “ ဒါက ပြည်သူလူထုရဲ့ သဘောထားကို ဖော်ထုတ်နေတာပါ၊ ပြည်သူတွေရဲ့ ဆန္ဒ ဘယ်လိုရှိတယ်ဆိုတာကို မူတည်ပြီး
လုပ်ဆောင်ရမှာပါ၊ ပြည်သူသြဇာလွှမ်းဖို့ လုပ်ဆောင်နေတာပါ" ဟု ဇွန်လ ၇ ရက်တွင် ကျင်းပသည့် ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေးတွင် ပြောဆိုသည်။

No comments: