Tuesday, June 10, 2014

ယုဇနကုမ္ပဏီကမြေတွေ ပြန်လည်ရရှိဖို့ ကချင်တောင်သူတွေ ဆန္ဒပြ တောင်းဆို

ABC

ဒေသဖွံ့ဖြိုးရေးအတွက်လို့ဆိုပြီး ​ စစ်အစိုးရလက်ထက်က ​သိမ်းယူခဲ့တဲ့ ​ကချင်ပြည်နယ် ​ဖားကန့်မြို့နယ် ​ဟူးကောင်းဒေသအတွင်းက ​လယ်ယာဧက ​၃ ​သိန်းကျော်ကို ​ယုဇနကုမ္ပဏီက ​ခြံစိုက်လုပ်ကိုင်နေတဲ့အတွက် ​အဲဒီ ​မြေယာတွေ ​ပြန်လည်ရရှိဖို့ ​ကချင်တောင်သူတွေက ​မနေ့မနက်က ​ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဝါရာဇွပ် ​ကျေးရွာအုပ်စု ​ဒေသခံ ​တောင်သူတွေရဲ့ဒုတိယအကြိမ်မြောက် ​ဆန္ဒထုတ်ဖော်မှုကို ​ယုဇန ​ကုမ္ပဏီရုံးချုပ်ရှေ့မှာ ​ကျင်းပခဲ့ကြတာ ​ဖြစ်ပြီး ​လယ်သိမ်းခံဒေသခံတွေက ​သီးနှံလျော်ကြေး ​ပေးဖို့ ​ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

လယ်ယာမြေအငြင်းပွားမှုအတွက် ​ကချင်ပြည်နယ်တရားရုံးက ​ယုဇနကုမ္ပဏီကို ​လယ်တစ်ဧက ​ရှစ်သောင်းနှုန်း ​အပြင် ​တစ်ဧကကို ​အပင် ​၁ ​ပင်နှုန်း ​လျော်ကြေးပေးဖို့ ​ဆုံးဖြတ်ချက် ​ချတဲ့ကိစ္စဟာ ​တရားဥပဒေနဲ့ ​မကိုက်ညီတဲ့ ​အတွက် ​ဒုတိယအကြိမ် ​ထပ်မံဆန္ဒထုတ်ဖော်ခြင်း ​ဖြစ်တယ်လို့ ​၀ါရာဇွပ် ​ကျေးရွာအုပ်စုက ​လယ်သမားတွေက ​ပြောပြပါတယ်။

သီးနှံအမြောက်အများ ​စိုက်ပျိုးထားတဲ့ ​ဥယျာဉ်ခြံ ​တစ်ဧကအတွက် ​အပင်တစ်ပင်တည်းစာပဲ ​အလျော်ရမယ်ဆိုတဲ့ ​ကိစ္စဟာ ​လုံဝမဖြစ်နိုင်တဲ့ ​ကိစ္စဖြစ်တဲ့ ​အပြင် ​နှစ်ပေါင်းများစွာ ​သိမ်းယူထားတဲ့အတွက် ​နစ်နာကြေးတောင်းတာ ​ဖြစ်တယ်လို့ ​ဦးဆောင် ​ဆန္ဒထုတ်ဖော်သူ ​ဒေါ်ဘောက်ဂျာက ​ပြောပါတယ်။

ကချင်ပြည်နယ်လွှတ်တော်က ​ဖွဲ့စည်းထားတဲ့ ​လယ်ယာပြဿနာညှိနှိုင်းဖြေရှင်းရေးကော်မတီက ​ပေးပို့လာတဲ့ ​အစီရင်ခံစာပေါ် ​မူတည်ပြီး ​ဖားကန့်မြို့နယ်၊ ​၀ါရာဇွပ် ​ကျေးရွာအုပ်စုအတွင်းက ​လယ်မြေပြဿနာတွေကို ​ဆက်လက် ​ဆောင်ရွက်သွားမယ်လို့ ​ယုဇနကုမ္ပဏီဒါရိုက်တာ ​ဦးဆန်နီက ​ပြောပါတယ်။

အဆိုပါ ​လယ်ယာပြဿနာညှိနှိုင်းဖြေရှင်းရေးကော်မတီကို ​လယ်သမားတွေက ​အယုံအကြည်မရှိကြောင်း၊ ​တောင်းဆိုချက်တွေ ​မရရှိဘူးဆိုရင် ​လယ်ယာမြေအရေး ​ဆောင်ရွက်သူတွေနဲ့ ​ပူးပေါင်းပြီး ​ဆန္ဒထုတ်ဖော်ပွဲတွေ ​ဆက်လက် ​လုပ်ဆောင်သွားမှာ ​ဖြစ်သလို ​ထွန်တုံးတိုက်ပွဲ ​၀င်သွားမယ်လို့ ​လယ်သမားတွေက ​ဆိုပါတယ်။

ဒီလယ်ယာမြေတွေ ​ပြန်ရဖို့ ​ကချင်ဒေသခံတွေက ​မေလ ​(၃၀) ​ရက်နေ့ကလည်း ​ခွင့်ပြုချက်နဲ့ ​ပထမအကြိမ် ​ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မနေ့ကတော့ ​ခွင့်ပြုချက်မဲ့ ​ဒုတိယအကြိမ် ​ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်တဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: