Wednesday, June 11, 2014

ဧရာဝတီတိုင်း တက္ကသိုလ်ဝင်တန်းအောင်ချက် အောက်မြန်မာပြည်တွင် ဒုတိယအများဆုံးဖြစ်

စည်သူမောင်မောင်

ဧရာဝတီတိုင်းအတွင်း ၂ဝ၁၃-၁၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမှာ ၄၄ဒသမ ၈၅ရှိပြီး အောက်မြန်မာပြည်တွင် ဒုတိယအောင်ချက်အကောင်းဆုံး ဖြစ်ခဲ့ဟု ဧရာဝတီတိုင်း ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

“လက်ရှိအောင်ချက်ကို တိုးတက်အောင်တော့ ကြိုးစားရမယ်၊ နောက်နှစ်တွေမှာလည်း ပထမဖြစ်အောင်တော့ လုပ်ရမယ်၊ အောင်ချက်မြင့်မားမှုကို ကျွန်တော်တို့ ပညာရေးဌာန တခုနဲ့ လုပ်လို့မရဘူး၊ မိဘပြည်သူတွေပါ ပူးပေါင်းပါဝင်အောင်လုပ်ဆောင်ရမှာပါ”ဟု တိုင်းပညာရေး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက မဇ္ဈိမကို ပြောသည်။

ဧရာဝတီတိုင်းအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ကျောင်းသား ၅၈,၁၃ဝရှိပြီး ၂၆,ဝ၇၃ အောင်မြင်ခဲ့ပြီး ဘာသာစုံဂုဏ်ထူးရှင် ၂၄ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၄၆ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၈၉ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၈၇ဝဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၄၂၈ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၆၇၇၇ဦး ရှိသည်။

အောက်မြန်မာပြည်တွင် ပထမ အောင်ချက် အကောင်းဆုံးမှာ မွန်ပြည်နယ်ဖြစ်ပြီး အောင်ချက် ၄၇ ဒသမ၁၃ ရာခိုင်နှုန်း ရှိခဲ့သည်။

၂ဝ၁၂-၁၃ ပညာသင်နှစ်တွင် ဧရာဝတီတိုင်းအတွင်း ဆယ်တန်းအောင်ချက်မှာ ၃၁.၂ဝ ရာနှုန်းရှိခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်း စာစစ်ဌာန ၁၆၂ ရှိသည်။

No comments: