Wednesday, June 11, 2014

ကျေးရွာအစုအဖွဲ့ပိုင် သစ်တောများရှိရာ နေရာသို့ ထုံးကျောက်လုပ်ငန်း မပြုလုပ်ရန် ဒေသခံများ ကန့်ကွက်

ဖြိုးဝေအောင်

ဒီးမော့ဆိုမြို့နယ် ဆော်ဒူရွာသစ်ကျေးရွာအုပ်စု၊ ဒေါဘူးကူးကျေးရွာအုပ်စု နှင့် ၀ါသောခို ကျေးရွာအုပ်စုများ၏ အစုအဖွဲ့ပိုင်သစ်တောများရှိရာ မြေနေရာသို့ ရွှေကန္တာရဝတီ ဟိုးဒင်းကုမ္ပဏီ လီမီတက်အဖွဲ့က ထုံးကျောက်တူးဖော်ရန် စမ်းသပ်မှုများပြုလုပ်နေကြသည့်အတွက် ဒေသခံပြည်သူများက ကန့်ကွက်နေကြသည်ဟု သိရသည်။

ထုံးကျောက်လုပ်ငန်းလုပ်ရန်အတွက် သတ်မှတ်ထား မြေဧက (၆၄၀) ပေါ်တွင် ဒေသခံပြည်သူများ၏အစုအဖွဲ့ပိုင်သစ်တော ထိန်းသိမ်းရေးပုံစံ(၁၀၅) နှင့်အတူ ရရှိပိုင်ဆိုင်ထားမှုများရှိခြင်း၊ ဒေသခံပြည်သူများ၏ တောင်ယာများ၊ နွားစားကျက်များ ရှိနေခြင်း တို့ကြောင့်လက်မခံနိုင်ကြောင်း လားလဲကျေးရွာမှ ဦးဗျားရယ်ကပြောသည်။

“ဘာတွေထိခိုက်နိုင်မယ်ဆိုတာသစ်တောတွေ ဖြုန်းတီးသွားမယ်။ လေထုညစ်ညမ်းမှု ဖြစ်မယ်။ ရာသီဥတုဖောက်ပြန်မှု၊ ကျနော်တို့နွားစားကျွေးဖို့၊ ပြီးတော့ ရွာသူရွာသားရဲ့ တောင်ယာပျက်စီးကုန်မယ်။ သံယဇာတတွေက အကုန်လုံးဆုံးရှူံးကုန်မယ်။ ဒါကြောင့် ကျနော်တို့ လုံးဝလက်မခံနိုင်ဘူး” ဟု ပြောသည်။

လုပ်ငန်းအကောက်အထည်ဖော်ပါက သစ်တောများပြုန်းတီးသွားပြီး ရာသီဥတုဖောက်ပြန်ခြင်း ၊ လူထု လုပ်ကိုင်စားသောက်ရန် မြေနေရာပျောက်ဆုံးသွားနိုင်ခြင်း၊ ကုမ္ပဏီဧရိယာ သတ်မှတ်ပြီး သွားလာရေးအခက်အခဲများရှိသွားနိုင်ခြင်းစသည် ဆိုကျိုးများကြုံတွေ့လာနိုင်သည့်အတွက် ကန့်ကွက်နေကြခြင်းဖြစ်သည်။

ကုမ္ပဏီမှ ထိုထုံးကျောက်စမ်းသပ်ခြင်းလုပ်ငန်းကို လုပ်ဆောင်ရန်အတွက် ကျေးရွာအနည်းစုကိုသာ အသိပေးအကြောင်းကြားထားပြီး ပြည်နယ်အစိုးရထံ ခွင့်ပြုစာတင်ရန် ဒေသခံပြည်သူများ၏သဘောတူလက်မှတ်ကိုလည်း ရေးထိုးခိုင်းကြောင်း သိရသည်။

မေလ (၂၄)တွင် ကုမ္ပဏီမှ ကိုယ်စားလှယ်အချို့က လားလဲကျေးရွာသို့ သဘောတူလက်မှတ်ထိုးရန် ရောက်ရှိလာခဲ့ကြနောက် ဒေသခံများက ငြင်းဆိုခဲ့ကြခြင်းဖြစ်သည်။

“တကယ့်ရွာကြီးမှာတော့ သူအသိပေးတာမရှိဘူး။ ဒါပေမယ့် ကျနော်တို့ သတင်းကြားတာနဲ့ကိုကျနော်တို့ ရှိတဲ့ရွာသူရွာသားနဲ့ ကျနော်တို့အားလုံးကန့်ကွက်မဲနဲ့ အကုန်လုံး လက်မှတ် ရေးထိုးထားတာရှိတယ်” ဟု ဒေါကမီကျေးရွာမှ ဦးအန်းဂျလိုက ပြောပါသည်။

ယခုကဲ့သို့ ပွင့်လင်းသည့်အချိန်တွင် ဒေသခံပြည်သူများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင် ရန်လိုအပ်ကြောင်းလည်း ဦးအန်းဂျလိုက “အဲဒါ ကုမ္မဏီအနေနဲ့ အတင်းအဓမ္မလို့ပဲ ကျနော်မြင်တာပဲလေ။ အဲဒါလူထုပေါ်မှာ အတင်းအဓမ္မဆန်တာပဲလေ။ နိုင်ငံတော်အေးချမ်းတယ်ဆိုပြီး အဲလောက်ပြောပြီးမှ ဘာဖြစ်လို့အဲလိုဆက်ပြီးလုပ်နေတုန်းလို့။ ကျနော့်အနေနဲ့ မလုပ်စေချင်တော့ပါဘူး။ မလုပ်ခင်မှာလူထုနဲ့ တိုင်တိုင်ပင်ပင် လုပ်ဖို့သင့်တယ်”ဟု ပြောသည်။

လက်ရှိထုံးကျောက်လုပ်ငန်းပြုလုပ်မည့်နေရာသည် ၂၀၁၂ ခုနှစ်တွင် လေးပွင့်ကြယ်အဖွဲ့မှ ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် စီမံကိန်းရှိခဲ့သည့်နေရာဖြစ်ပြီး လူထုမှ ကန့်ကွက်ခဲ့ခြင်းကြောင့် စီမံကိန်း ရပ်ဆိုင်းထားခဲ့ကြရသည့် နေရာဖြစ်သည်။

No comments: