Monday, June 9, 2014

ကံကောင်းခြင်းရတနာစက်ရုံလုပ်သားများ၏ သပိတ်စခန်းကို ရဲများ ဝိုင်းလိုက်ပြီ

အောင်ကိုဦး

ကံကောင်းခြင်းရတနာ သစ်အချောထည် စက်ရုံ အလုပ်သမားများ သပိတ်စခန်းဖွင့်ထားသည့် မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့ရှိ ရတနာလင်္ကာရကျောင်းတိုက်ကို ဇွန်လ ၇ရက် ညနေ ၅နာရီခန့်တွင် ရဲအင်အား ၄၀၀ကျော်က ဝိုင်းရံထားလိုက်ပြီ ဖြစ်သည်။

ယင်းသို့ မပြုလုပ်မီက ထိုနေ့ နေ့လည် ၁နာရီခန့်က ဖမ်းဆီးခဲ့သည့် အလုပ်သမား ခေါင်းဆောင် ၁၂ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကုမ္ပဏီပိုင်ရှင်များနှင့် အာဏာပိုင်များက အလုပ်သမားများနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သေးသည်။

ကုမ္ပဏီနှင့် အာဏာပိုင်များဘက်က ဇွန်လ ၆ရက်က အလုပ်သမားများ၏ သပိတ်စခန်းကို ဖြိုခွင်းခဲ့ခြင်းကို နစ်နာကြေး ပေးလျော်မည် ဖြစ်ပြီး အလုပ်သမားများဘက်က သပိတ်စခန်းကို ရုတ်သိမ်းပေးရန်နှင့် အလုပ်ထွက်ပေးရမည်ဟု ဆိုသည်။ ယင်းညှိနှိုင်းချက်ကို လက်ခံမခံ နာရီဝက်အတွင်း အကြောင်းပြန်ရမည်ဖြစ်ပြီး လက်ခံပါက ယခု ပုဒ်မသုံးခုဖြင့် စွဲဆိုချက်များကို ရုတ်သိမ်းပေးမည်ဟု ဆိုသည်။

သို့သော် ယင်းညှိနှိုင်းမှုကို အလုပ်သမားများက လက်မခံသဖြင့် အာဏာပိုင်များက သပိတ်စခန်းကို ဝိုင်းရံလိုက်ခြင်းလည်းဖြစ်သည်။

လက်ရှိတွင် အလုပ်သမားများက ကံကောင်းခြင်းရတနာ စက်ရုံကို အချက်လေးချက်ဖြင့် တောင်းဆို ဆန္ဒပြနေခြင်းဖြစ်သည်။ အချက်လေးချက်သည် ၁။ စက်ရုံက တရားစွဲဆိုခံထားရသူအားလုံး အမှုက ပယ်ဖျက်ပေးရန် ၂။ စက်ရုံဘက်က ဒေါ်သက်သက်ရီက အလုပ်ရှင်အလုပ်သမား စာချုပ် လက်မှတ်မထိုးရင် ထောင်ချမည်လို့ ချိန်းခြောက်ထားခြင်းကို အရေးယူပေးရန်၊ ၃။ မေ ၂ရက်က စက်ရုံထဲက အလုပ်သမားတွေကို ဆွဲထုတ်တာကို တရားဥပဒေအရ ရေးယူရန်၊ ၄။ အလုပ်ရှင် အလုပ်သမား စာချုပ်ပါ အချက် ၁၄ချက်ထဲမှ ၄ချက်ကို ဖြုတ်ပေး၍ ၁၀ချက်ကို ပြင်ဆင်ပေးရန် တို့ကို တောင်းဆိုကာ ဆန္ဒထုတ်ဖော်နေခြင်းဖြစ်သည်။

No comments: