Thursday, June 12, 2014

ကျောင်းရှိ ဆရာတော်များကို ရွှေစင်စင်္ကြာ ကားနှင့် အမည်မသိအရပ်သို့ ပင့်ဆောင်သွား

Mizzima

မဟာသန္တိသုခကျောင်းတိုက်အတွင်းမှ ဆရာတော်များကို ဇွန်လ ၁၁ရက် နံနက် ဝဝနာရီ ၃ဝခန့်တွင် ရွှေစင်စင်္ကြာ မှန်လုံကားကြီးများဖြင့် ပင့်ဆောင်သွားပြီး အရှေ့ဆုံး ကားအတွင်းရှိ ဆရာတော်များကမူ အပြင်ကိုထွက်ရန် အကူညီတောင်းသည့်ဟန် ကားမှန်တခါးများကို ထုရိုက်နေသည်ကို တွေ့ရသည်။

ကျောင်းအတွင်းရှိ ဆရာတော်များနှင့် ကိုယ်တော်များကို ရွှေစင်စင်္ကြာကား သုံးစီး အပါအဝင် အခြားမှန်လုံကား ခြောက်စီးဖြင့် တင်ကာ ပင့်ဆောင်သွားခြင်းဖြစ်သည်။ ရှေ့ဆုံး ရွှေစင်စင်္ကြာကား ၆ဃ/၉၃၃၅ ပေါ်တွင် မဟာသန္တိသုခ ကျောင်းတိုက်မှ ဆရာတော်များ၊ ကိုယ်တော်များ ပါဝင်ပြီး အခြားကားအချို့တွင်မူ ကျောင်းတိုက်က မဟုတ်သည့် မည်သည့်ကျောင်းတိုက်ကမှန်း မသိသည့် ကိုယ်တော်များ ပါဝင်သည်ဟု ထိုနေရာတွင် ရောက်ရှိနေသည့် မဇ္ဈိမ အယ်ဒီတာက ပြောသည်။

ယင်းဆရာတော်များကို တိုင်းသာသနာရေး ဦးစီးအဖွဲ့က ပင့်ဆောင်သွားခြင်းဖြစ်ပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုမူ မသိရှိဟု ကျောင်းတိုက်မှ ဆရာတော်များနှင့် ဒကာ ဒကာမများက မဇ္ဈိမကို ပြောသည်။

ယင်းအခြေအနေသည် ကျောင်းတိုက်ကို ဝင်စီးသည့် အခြေအနေဟု ပြောလို့ရသည်ဟု ထိုနေရာတွင် ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်နှင့် အယ်ဒီတာများက ဆိုသည်။

လက်ရှိအချိန်တွင် ကျောင်းတိုက်အတွင်း၌ ရဲကားများနှင့် ရဲများရှိနေပြီး ကျောင်းပတ်ချာလည်တွင်လည်း ရဲကားများ၊ ရဲများ၊ ယာဉ်ထိန်းရဲများ၊ အရပ်ဝတ်ဖြင့် ရဲများအပြင် သံဃာတော်များ အပြည့် ဝန်းရံထားပြီး ရဲအင်အား ထောင်ဂဏန်းရှိသည်ဟု ခန့်မှန်းရသည်။

ဆရာတော်များကို ပင့်ဆောင်မသွားမီ အခြားဆရာတော်များ ကျောင်းတိုက်သို့ ရောက်လာသည်ကို တွေ့ရသည်။ သို့သော် မေးမြန်းခွင့် မရပေ။

လက်ရှိတွင် မဟာသန္တိသုခကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ပီနန်ဆရာတော်ကြီးမှာ ဇွန်လ ၅ရက်မှ စကာ ဂျပန်နိုင်ငံသို့ သာသနာပြုခရီး သွားနေသည့် အချိန်ဖြစ်သည်။

No comments: