သီဟကိုကို
မြန်မာနိုင်ငံမှရရှိသော အခွန်ရငွေများအနက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နှင့် သယံဇာတ တူးဖော်ထုတ်ယူမှုလုပ်ငန်း ကုမ္ပဏီများထံမှ မည်မျှရရှိသည်ကို ရှင်းလင်းစွာ မသိရကြောင်း ဇွန်လ ၁၈ ရက်တွင် ထုတ်ပြန်သော ပြည်တွင်း/ ပြည်ပစီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများက ပြုစုသည့် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ဒေသဆိုင်ရာ အစိုးရများ သုတေသနအစီရင်ခံစာတွင် ဖော်ပြထားသည်။
သဘာဝဓာတ်ငွေ့မှာ အစိုးရ၏ အကြီး မားဆုံးနိုင်ငံခြားငွေရင်းမြစ်ဖြစ်ပြီး သဘာဝဓာတ်ငွေ့ပို့ကုန် တစ်ခု တည်းမှ ကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံခန့် ရရှိလျက်ရှိသည်။ နိုင်ငံ၏ပို့ကုန်စုစုပေါင်း ၇၀ ရာခိုင်နှုန်းကို သယံဇာတအရင်းအမြစ်များမှ ရရှိနေပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှု ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကဏ္ဍအရပ်ရပ်မှ အခွန်ရငွေသည် ဂျီဒီပီ၏ ၄ ဒသမ ၄ ရာခိုင်နှုန်းဖြစ်သည့် ၂,၆၀၉ ဘီလီယံကျပ်သာရရှိခဲ့ပြီး အိမ်နီးချင်း နိုင်ငံများတွင် အနည်းဆုံးဖြစ်နေသည်။
ယင်းအခွန်ရငွေများမှမည်မျှကို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများမှ ရရှိကြောင်း ရှင်းလင်းစွာသိရှိရခြင်းမရှိဟု အဆိုပါအစီ ရင်ခံစာတွင် ဖော်ပြပါရှိသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများ အားလုံးသည် နိုင်ငံပိုင် MOGE နှင့် ဖက်စပ်လုပ်ကိုင်ကြပြီး အများ ကထုတ်လုပ်မှုအပေါ်ခွဲဝေမှုစာချုပ်ဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်ကာ စာချုပ်များကွဲပြားမှုရှိသော်လည်း MOGE ၏ ပါဝင်မှုအတွက် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအကျိုးအမြတ် ရရှိနေသည်။ ထို့ပြင် ရေနံထွက် ပစ္စည်း အမြတ်ငွေခွဲတမ်းအဖြစ် ၂၀ ရာခိုင်နှုန်း ရရှိနေသည်။
မြန်မာနိုင်ငံသည် ကမ်္ဘာတွင် သဘာဝ ဓာတ်ငွေ့ပိုင်ဆိုင်မှု အဆင့် ၄၁ ရှိပြီး ရေနံစိမ်းပိုင်ဆိုင်မှု အဆင့် ၇၈ ရှိသည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်ယူနိုင်ရန် ကုန်းတွင်း ၅၃ ကွက်၊ ကမ်းလွန် ၅၁ ကွက်၊ ရေနံစည် သန်း ၁၆၀ နှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၂၀ ဒသမ ၁၁ ထရီလီယံရှိနေသည်။
အဓိကကမ်းလွန်စီမံကိန်းများတွင် ရတနာ၊ ရဲတံခွန်၊ ဇောတိကနှင့် ရွှေသဘာဝ ဓာတ်ငွေ့လုပ်ကွက်များဖြစ် ပြီး အခြားကုန်း တွင်းသဘာဝဓာတ်ငွေ့လုပ်ငန်း ၆၅ ခု ရှိသည်။ ရွှေဓာတ်ငွေ့ပိုက်လိုင်းကို တရုတ်နိုင်ငံသို့ သွယ်တန်းထားပြီး ရတနာ၊ ရဲတံခွန် နှင့် ဇောတိကပိုက်လိုင်းများကို ထိုင်းနိုင်ငံ သို့သွယ်တန်းထားသည်။
နိုင်ငံ၏ ၀င်ငွေစုစုပေါင်းအနက် သယံဇာတမှရရှိသည့် ၀င်ငွေကို တိုင်းတာရန်ခက်ခဲနေခြင်းသည် အရှုံးပေါ် နေသော နိုင်ငံပိုင်လုပ်ငန်းများနှင့် အမြတ်ပေါ်သော နိုင်ငံပိုင်လုပ်ငန်းများ၏ ၀င်ငွေတို့ကို သက်ဆိုင်ရာ ၀န်ကြီးဌာနအဆင့်တွင် တစ်ပေါင်းတည်းစာရင်းသွင်းခြင်းကြောင့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများတစ်ခု ချင်းက မည်မျှအရှုံးပေါ်ပြီး မည်မျှမြတ်စွန်းသည်ကိုသိရှိ နိုင်ရန်ခက်ခဲစေသည်ဟုဆိုသည်။
No comments:
Post a Comment