အေးမြင့်စန်း
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၄၃၆ ပြင်ဆင်ရေးအတွက် လူထုဟောပြောပွဲများကို ဇွန်လ ၂၆မှ ဇူ လိုင်လ ၆ ရက်အထိ မြို့ပေါင်း ခုနစ်မြို့တွင် NLD နှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဟု ပုဒ်မ၄၃၆ ပြင်ဆင်ရေး ၈၈(ငြိမ်း/ပွင့်) လူထုဆက်ဆံရေး တာဝန်ခံ ကိုဉဏ်လင်းက မဇ္ဈိမကို ပြောသည်။
ဇွန်လ ၂၆ ရက်တွင် ပဲခူး၊ ဇွန်လ ၂၈ ရက်တွင် စစ်တွေမြို့၊ ဇွန်လ ၂၉ ရက်တွင် ပြည်မြို့၊ ဇွန်လ ၃၀ ရက်တွင် မင်းဘူး၊ ဇူလိုင်လ ၃ရက်တွင် တောင်ကြီးမြို့နှင့် ဇူလိုင်လ ၅ ရက်တွင် ကျိုင်းတုံ၊ ဇူလိုင်လ ၆ ရက်တွင် တာချီလိတ်မြို့တို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။
ပဲခူး၊ ကျိုင်းတုံ၊ တာချီလိတ်မြို့နယ် တို့တွင် ပြုလုပ်မည့် ပုဒ်မ ၄၃၆ပြင်ဆင်ရေး လူထုဟောပြောပွဲများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးနှင့်၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အ စည်းခေါင်းဆောင် ကိုကိုကြီးတို့ ဦးဆောင်ပါဝင်မည်ဖြစ်ပြီး တောင်ကြီးတွင် ၈၈(ငြိမ်း/ပွင့်)မှ ဦးမင်းကိုနိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ပြည်မြို့၊ မင်းဘူးမြို့နယ်တွင် ပြုလုပ်မည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြော ပွဲတွင် ဦးမင်းကိုနိုင်၊ စစ်တွေတွင် ကိုဂျင်မီနှင့် NLD မှ ဦးညီပုတို့က ဦးဆောင် ဟောပြောမည်ဖြစ်သည်။
ကိုဉဏ်လင်းက “ခွင့်ပြုချက်တွေ တင်တဲ့နေရာမှာဟောပြောပွဲကျင်းပတဲ့ နေရာတွေကို လိုက်ကန့်သတ်တာ တွေရှိ တော့ နေရာအပြောင်းလဲလုပ်ရတာရှိတယ်။ဟောပြောပွဲကျင်းပတဲ့ နေရာတွေကတော့ တရားဝင်မ ထွက်သေးဘူး”ဟု ပြောသည်။
ဇွန်လ ၉ ရက် ၂၀၁၄ ခုနှစ်တွင် ပြု လုပ်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟော ပြောပွဲဖြစ်မြောက်ရေးအတွက် ဦးဆောင်ပါဝင်ဆောင်ရွက်ခဲ့သော မကွေးမြို့မှ ကို နေမျိုးကျော် ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက မကွေးတရားရုံး၌ ဥပဒေပုဒ်မ ၂၇ ဖြင့် တရားစွဲခံထားရသည်။ ထို့ပြင် ဇွန်လ ၁၄ ရက်၊ မြစ်ကြီးနားမြို့တွင် ပြုလုပ်သော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ဦးဆောင်ကာ ခွင့်ပြုချက်တင်ခဲ့သူ မြစ်ကြီး နားမြို့နယ် NLDဥက္ကဋ္ဌမှာလည်း ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံထားရသည်။
NLD နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ပူးပေါင်းကာ ၄၃၆ ပြင်ဆင်ရေး လူထု ဟောပြောပွဲများ ကို မြန်မာနိုင်ငံအတွင်းရှိ မြို့ပေါင်း ၁၇ မြို့နယ်တွင် ပြုလုပ်သွားမည်ဖြစ်ရာ လက်ရှိတွင် ရန်ကုန်၊ ဘားအံ၊ ဟားခါး၊ ပုသိမ်၊ မုံရွာအပါအ၀င် မြို့ပေါင်း ၁၂ မြို့တွင် ပြုလုပ်ပြီးဖြစ်သည်။
No comments:
Post a Comment