နေသစ်၊ မို့မို့ကြည်
ရန်ကုန်-စစ်တွေ ကားလမ်းဘေးတွင် တည်ရှိသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် စက်မှုဇုန်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ဇွန် ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။
ဇွန်လ ၆ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင်ပြုလုပ်သော မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် SMIDB နှင့် ဗီယက်နမ် နိုင်ငံအခြေစိုက် ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုး ရေးဘဏ်BIDV တို့၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွာ MOU လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံနိုင်ငံတွင် စက်မှုဇုန်များ ဆက်လက် အကောင်အထည်ဖော်မည့်ကိစ္စနှင့် ပတ် သက်၍ မဇ္ဈိမ၏မေးမြန်းမှုကို ဖြေကြားရာ၌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အထက်ပါအတိုင်း ထည့် သွင်းဖြေကြားပေးခဲ့ခြင်း ဖြစ်သည်။
ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်းကို ၂၀၁၅ မတိုင်ခင် စတင် ဆောင်ရွက်နိုင်ဖွယ်ရှိသည်ဟုလည်း ပြည် ထောင်စုဝန်ကြီးက ပြောသည်။“ ပုဏ္ဏားကျွန်း စက်မှုစီမံကိန်းကို မြေ ဧက ၁,၈၀၀ ပေါ်မှာ အကောင် အထည်ဖော် ဆောင်ရွက်မှာပါ။ ဒီစက်မှုဇုန်စီမံကိန်းက ဒေသဖွံ့ဖြိုးရေးအတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။ လျှပ်စစ်မီးရဖို့လည်း ဆောင်ရွက်နေပါတယ်။ ဒီဇင်ဘာလမှာတော့ လျှပ်စစ်မီး ရရှိတော့မှာပါ။ ရေရရှိဖို့အတွက်ကို စက်မှုဇုန်နဲ့ ဆယ်မိုင်လောက်ဝေးတဲ့ နေရာမှာရေကာတာ တစ်ခု တည်ဆောက်ပြီး တော့ သွယ်ယူမှာပါ။ နောက် အဲဒီဒေသမှာရှိတဲ့ လယ်သမားတွေက သူတို့ရဲ့လယ်မြေတွေကို ညှိညှိနှိုင်း နှိုင်းနဲ့ ကျေကျေနပ်နပ်နဲ့ ပေးမယ်ဆိုရင် ၂၀၁၅ မတိုင်ခင် စတင်နိုင်မှာပါ” ဟု ပြည်ထောင်စု ၀န်ကြီးက ပြောသည်။
အဆိုပါစီမံကန်းကို အကောင်အထည် ဖော်ဆောက်ရွက်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပကုမ္ပဏီများကို ၎င်းစက်မှုဇုန်တွင် လုပ် ကိုင်ခွင့်ပြုသွားမည် ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
ထို့ပြင်ယင်းစီမံကိန်းသည် ကုလားတန်မြစ်နှင့် နီးစပ်မှုရှိသည့် နေရာဖြစ်သည့်အပြင် ဒေသတွင်း ပဋိပက္ခ များနည်းပါးသည့် နေရာတစ်ခုဖြစ်သည့်အတွက် စက်မှုဇုန်စီမံကိန်းကို အမှန်တကယ် လုပ်ဆောင်မည် ဆို ပါက ကျောက်ဖြူ အထူးစီးပွားရေးဇုန်ထက် အချိန်စော၍ ပြီးစီးနိုင်သည်ဟုလည်း ၀န်ကြီးက ဆိုသည်။
“ ကျောက်ဖြူစီးပွားရေးဇုန် စီမံကိန်းကိုတော့ ကျွန်တော်သိပ်ပြီး မကျွမ်းကျင်ပါဘူး။ မီဒီယာတွေမှာ ဖော်ပြ တာကတော့ နေရာရွေ့ရမယ်လို့ သိရပါတယ်။ ကျွန်တော်တို့ စက်မှုဇုန်ကတော့ ကျောက်ဖြူအထူး စီးပွား ရေးဇုန်လောက် ကြီးမားကျယ်ပြန်မှု မရှိပါဘူး။ နေရာလည်းရွေ့ပြောင်းဖို့ မရှိပါဘူး။
ကျွန်တော်တို့စက်မှုဇုန်က SME တွေအတွက်ပဲ အဓိကဆောင်ရွက်တာဆိုတော့ တကယ်တမ်း ဆောင်ရွက် မယ်ဆိုရင် ကျွန်တော်တို့စက်မှုဇုန်က ကျောက်ဖြူစီးပွားရေးဇုန်ထက် စောပြီး ပြီးနိုင်ပါတယ်” ဟုလည်း ၎င်း ကပြောသည်။
အဆိုပါစီးပွားရေးဇုန် တည်ထောက်ခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် မဲဆန္ဒ နယ်အမှတ် (၁) မှ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ စက်မှုဇုန်တစ်ခုဖြစ်ဖို့ ဌာနပေါင်းစုံ ပါရမယ်။ စက်မှုဇုန်မှာလုပ်ကိုင်မယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေကို ပြည်နယ်အစိုးရ အဖွဲ့နဲ့သက်ဆိုင်ရာဒေသခံတွေရဲ့ ဆုံးဖြတ်ချက်နဲ့ တိုက်ရိုက် လုပ်ပိုင်ခွင့်ပေးသင့်တယ်။ ပြည်ထောင်စု အစိုး ရကပဲ တိုက်ရိုက်ချုပ်ကိုင်ထားရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး” ဟု ဆိုသည်။
ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်းအတွက် လက်စစ်မီးရရှိရန် မန်းရေနံမြေမှ အမ်းသို့ ဓာတ်အားပို့လွှတ်မည် ဖြစ်ပြီး အမ်းဒေသတွင် ဓာတ်အားခွဲရုံတစ်ခု တည်ဆောက်၍ အမ်းမှတစ်ဆင့် ပုဏ္ဏားကျွန်းသို့ ပို့လွှတ်မည် ဖြစ်သည်ဟု ဒေါက်တာအေးမောင်က ပြောသည်။
မန်းရေနံမြေမှ အမ်းသို့လျှပ်စစ်ဓာတ်ပေးပို့ရန် ဆောင်ရွက်နေမှုမှာ လုပ်ငန်းတစ်ခုလုံး၏ နှစ်ဆယ်ရာခိုင်နှုန်း သာ ပြီးစီးသေးသည်” ဟုလည်း ဒေါက်တာအေးမောင်က ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ စက်မှုဇုန် ၁၉ ခုရှိကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
No comments:
Post a Comment